နေပြည်တော်က လေကြောင်းကာကွယ်ရေးတပ်ရင်းနှင့် ဌာနချုပ်တို့ ဗုံးခွဲတိုက်ခိုက်ခံရ

နေပြည်တော်ရှိ လစခ - ၈ လေကြောင်းကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း - ၃၀၃၀ တို့ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၄ နာရီခွဲဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ တပ်တွင်းဝန်ထမ်းတဦးက “ဗုံးတွေကွဲလို့ အပျက်အစီးတွေရှိပါတယ်။ ၃ လုံးထက်မနည်းကွဲတာပါ။ လုံခြုံရေးအရ ကျနော့်ကို အဲဒီလောက်ပဲ ဖြေခွင့်ပေးပါ” လို့ အတည်ပြုပြောပါတယ်။

လူအထိအခိုက်နဲ့ အဆောက်အဦ၊ စက်ပစ္စည်းပျက်စီးမှု အတိအကျကိုတော့ တပ်တွင်း ဝန်ထမ်းမိသားစုတွေရဲ့ လုံခြုံရေးကြောင့် ထုတ်ဖော်ပြောဆိုခြင်းမရှိတာဖြစ်ကြောင်း ဆိုပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဖိုးစောင်တောင့်လူငယ်ပြောက်ကျားတပ်ဖွဲ့ (Nay Pyi Taw) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန် ကြေညာထားပါတယ်။

“ဗိဿနိုးတပ်မတော်က ရဲဘော်တွေနဲ့ ဖိုးစောင်တောင့်ပြောက်ကျားအဖွဲ့တို့ပူးပေါင်းပြီး ဗုံး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ အဲဒီတပ်က Non CDM သမားတွေကို ပြည်သူနဲ့အမြန်ဆုံးပူးပေါင်းဖို့ သတိပေးလိုက်တဲ့ သဘောလေးပါ။ မလိုက်နာကြရင်တော့ အခုထက် အဆအများကြီးဆိုးနိုင်မယ်” လို့ ဗိဿနိုးတပ်မတော် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ သူနဲ့သူ့မိသားစုအကျိုးကိုသာကြည့်ပြီး အရပ်သားအစိုးရဆီက အာဏာသိမ်းယူကာ စစ်တပ်က အောက်ခြေဝန်ထမ်းတွေကိုလည်း အကြောင်းအမျိုးမျိုးနဲ့ ထိန်းချုပ်ထားမှုတွေရှိနေတယ်လို့ စစ်တပ်အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသူတွေဆီက သိရပါတယ်။

More News
Up