ကိုဂျင်မီ အကြမ်းဖက်ဖမ်းဆီးခံရမှု အကျိုးဆက်အားလုံး စစ်အုပ်စုတွင် တာဝန်ရှိဟု အေအေပီပီ ပြော

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ အဖမ်းခံရမှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးဟာ မတရားဖမ်းဆီးခဲ့တဲ့ စစ်အုပ်စုမှာ တာဝန်အပြည့်အဝရှိပြီး စစ်အုပ်စုအနေဲ့ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်အသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုကို အာဏာသိမ်းစစ်အုပ်စုက အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းက အင်အား အလွန်အကျွံသုံးပြီး အကြမ်းဖက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီလို ဖမ်းဆီးချိန်အတွင်း ဦးခေါင်းမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရှိရပါတယ်။

ကိုဂျင်မီဟာ ဖမ်းဆီးခံရစဉ်  ဒဏ်ရာပြင်းထန်စွာ ရရှိတဲ့အတွက် မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ စုံစမ်းသိရကြောင်း သူ့ရဲ့ ဇနီးဖြစ်သူ မနီလာသိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ သူတို့နဲ့ အယူအဆမတူတွေကို ဖမ်းဆီးရာမှာ မလိုလားအပ် ဘဲ ကြမ်းတမ်းစွာဆက်ဆံတာတွေကို ပြုလုပ်နေတာကိုလည်း တွေ့ရှိနေရပြီး ဖမ်းဆီးစဉ် ပစ်ခတ်ခံရပြီး သေဆုံးတာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တာကြောင့် သေဆုံး တာတွေလည်း ရှိနေတာကို တွေ့ရှိနေရပါတယ်။

အဲဒီလို လုပ်ရပ်တွေဟာ အာဏာသိမ်း စစ်အုပ်စုက အာဏာတည်မြဲရေးအတွက် တရားဥပဒေကို မထေမဲ့မြင်ပြုပြီး အပြစ်မဲ့ ပြည်သူတွေကို စိတ်ထင်တိုင်း တရားမဲ့ပြုကျင့်နေကြောင်း ပေါ်လွင်နေတယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါကြောင့်မို့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့လည်း ကိုဂျင်မီအပါအဝင် မတရားဖမ်းဆီး ခံထားရသူတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေက ကာကွယ်ပေးဖို့နဲ့ လွတ်မြောက်ရေးအတွက် အား ထုတ်ဆောင်ရွက်ပေးဖို့ အေအေပီပီက အလေးအနက် မေတ္တာရပ်ခံထားပါတယ်။

More News
Up