ကရင်နီပြည်နယ်က စစ်ရှောင်စခန်းများ ဆေးဝါးအရေးအပေါ်လိုအပ်၊ ကာကွယ်ဆေးရရန် မျှော်လင့်နေ

ကရင်နီ (ကယား) ပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ ဖျားနာမှုတွေများပြီး ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားနေတဲ့အတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေပြီး ကိုဗစ်ကာကွယ်ဆေးထိုးရဖို့လည်း မျှော်လင့်နေကြပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြိုနယ် အရှေ့ခြမ်းရော၊ အနောက်ခြမ်းမှာပါ စက်တင်ဘာလ ကုန်လောက်ကစပြီး ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုတွေများပြားလာနေတာပါ။

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း လွိုင်နန်းဖတောင် နီးစစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီး တစ်ဦးက သူမအနေနဲ့ စစ်ရှောင်လာတာ ၅ လရှိနေပြီဖြစ်ပြီး အခု အဆိုပါနနီးနားတဝိုက်က စစ်ရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ကူးစက်မှုက ၈၀ ရာခိုင်နှုန်း များပြားနေတယ်လို့ ပြောပါတယ်။

“ရွာတိုင်းကို ဖြစ်နေတာ၊ စခန်းတိုင်းကို ကိုဗစ်ဖြစ်နေတာ။၊ အယောက် ၁၀၀ ရှိရင် ၈၀ လောက်ကို ဖြစ်နေတာ။ ဆေးကလည်းမရှိဘူး။ ပါရာ ဘာမီတွန်လောက်ပဲ ရှိတယ်။ တောထဲမှာ ဆေးက ဘယ်ရှာဝယ်လို့ရမလဲ။ ”

ဒါ့အပြင် ကယားပြည်နယ်တွင်းနဲ့ ဒီးမော့ဆိုမြို့နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လမ်းကြောင်းတွေ ပိတ်ဆို့နေပြီး အဆိုပါစစ်ရှောင်စခန်းတွေဆီ  အစားအစာနဲ့ ဆေးဝါးအကူအညီ မရောက်တော့ဘူးလို့လည်း ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ချမ်းက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်ကလည်း အခုလို လမ်းကြောင်းတွေ ပိတ်ဆို့မှုနဲ့ အလှူရှင်မရှိတော့တဲ့အတွက် ကိုဗစ်ဖြစ်နေတဲ့ နေရာတွေမှာ ဆေးဝါးတွေ မရှိတော့တဲ့ အခက်အခဲ နဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“အခုက ကျနော်တို့ ဒီမှာရှိနေတဲ့ နယ်လှည့် ဆေးလိုက်ကုပေးနေတဲ့ အဖွဲ့တချို့ရှိတယ်။ အဲဒီလူတွေတောင်မှာ သူတို့တွေပစ္စည်းပြတ်နေပြီ။ ပြတ်နေတော့ အခုဒီ volunteer တွေနား ပြန်တောင်းနေရတဲ့အခြေအနေမျိုးလည်း ကြုံနေရပြီပေါ့နော်။ ကျနော်တို့ volunteer တွေကလည်း တတ်နိုင်သလောက် ဝိုင်းရှာနေတာပေါ့။ ဒါပေမယ့် အဲကြားထဲမှာ ကျနော်တို့ ဘယ်လိုမှ ဆက်ရှာလို့ အဆင်မပြေတော့ဘူး။ အခုနောက်ပိုင်းက ဆေးတအားရှားသွားပြီလေ။ ”

ဒါ့အပြင် ဒီးမော့ဆို အရှေ့ဘက်ခြမ်းတွေမှာ ဆိုရင် ကိုဗစ်-၁၉ ကြောင့် ကျေးရွာတွေကို lockdown ချထားတဲ့ အနေအထားမှာရှိနေပါတယ်။

ဒီးမော့ဆိုမြို့နယ်က ကိုဗစ်-စင်တာဖွင့်ပြီး ကုသပေးနေတဲ့ သူနာပြုဆရာတဦးကတော့ “အခုက ဘာဖြစ်နေလဲဆိုရင် ရွာမှာ တရွာလုံးနီးပါးဖြစ်နေတဲ့အခါ စင်တာပို့လို့အဆင်မပြေဘဲ ရွာကိုပဲ Lockdown ချတဲ့ ပုံစံမျိုးဖြစ်နေဗျာ။”

ဒါ့အပြင် ကိုဗစ်လူနာတေါကို ကုသဖို့ ဆေးဝါးတွေ မရှိတော့သလို သယ်ဆောင်ပေးတဲ့ကားတွေလည်း ဖမ်းဆီးခံရတာရှိတဲ့အတွက် ဆေးဝါးပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

“ဆေးဝါးတွေက ဖြန့်နေတာပေါ့။ ရွာတွေက လိုရင် ရွာတွေကိုလည်းပေးရတယ်။ စစ်ဘေးရှောင်စခန်းက လိုရင် စစ်ဘေးရှောင်စခန်းကိုပို့၊ အဲလိုပုံစံမျိုး ကျနော်တို့တွေ ဖြစ်တယ်။ လုံလောက်မှုက မရှိဘူး။ အခု ဆေးတွေက သယ်လိုမရ၊ ပို့လို့မရဘူးဆိုရင် နှစ်ပတ်လောက်နေရင် ပိုပြီး အခက်အခဲတွေ့မယ်ထင်တယ်။ ကျနော်တို့ မှာထားတဲ့ဆေးတွေက ရောက်မလာဘူးလေ။  လွိုင်ကော်ကမှာတော့လည်း ဆေးသယ်တာတွေ အဖမ်းခံရတာတွေဘာတွေရှိတော့ပိုဆိုးတယ်။ ရွာတရွာဆိုရင် တရွာလုံးနီးပါးဖြစ်တာလေ။ ဆိုတော့ တရက်မှာ ၃ လုံးသောက်ရမယ့်ဆေးကို သူက ၁ လုံးပဲသောက်၊ ဆေးဝါးမလောက်တဲ့အတွက် ရှိတဲ့ဆေးကို ခွဲသောက်တဲ့ပုံစံဖြစ်တယ်ပေါ့။ ”

ဒီးမော့ဆိုမြို့နယ်အပြင် ဖရူဆိုမြို့နယ်မှာလည်း အလားတူ ရွာလုံးကျွတ်နီးပါး ကိုဗစ်ကူးစက်မှုတွေ ဖြစ်ပွားနေတယ်လို့လည်း အဆိုပါသူနာပြုဆရာက ပြောပါတယ်။

ကိုဗစ်ဖြစ်တဲ့ လူနာတွေကို ဒီးမော့ဆိုနဲ့ လွိုင်ကော်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အဆိုပါဆေးရုံတွေမှာ ဝန်ထမ်းတွေ မရှိတဲ့အတွက် ကုသမပေးကြဘူးလို့လည်း ပြောပါတယ်။

“ဒီးမော့ဆို ဆေးရုံမပြောနဲ့ ဒီးမော့ဆိုမြို့မှာ လူတောင်မနေတော့ဘူး။ လူမရှိတော့ဘူး။ ခွေးနဲ့စစ်ခွေးတွေပဲ ရှိတော့တယ်။ လွိုင်ကော်မှာလည်း အစောပိုင်းမှာ ကျနော်တို့လွိုင်ကော်ကို ပို့တယ်။ လွိုင်ကော်ကလည်း အဆင်မပြေဘူး။ သူနာပြုက လာတောင်မကြည့်ဘူးတဲ့။ ကျနော်တို့ ဒီဘက်က ကနဦးပို့တာ။ ပြီးတော့လည်း အကုန်အကျကလည်း များသေးတယ်။ အဲကြောင့်မသွားတော့ဘူး။ ဒီဘက်မှာပဲ ကိုယ်ထူကိုယ်ထဖွင့်တယ်။ ကုသပေးတယ်အဲလိုပေါ့။ ”

ဒီလိုကျန်းမာရေးအခက်အခဲတွေနဲ့ ကိုဗစ်ကူးစက်မှုတွေကြောင့် အဆိုပါဒေသတွေမှာ အမျိုးသား ညီညွတ်ရေးအစိုးရကပဲ ဖြစ်ဖြစ် စီစဉ်ပေးတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဖို့ လိုလားနေကြတယ်လို့  ဆိုပါတယ်။

“ဒီဘက်ခြမ်းမှာ ကျနော်တို့အနေနဲ့ ကာကွယ်ဆေးနဲ့ မြန်မြန်ကူးနိုင်ရင် ပိုကောင်းမယ်ထင်တယ်။ ကာကွယ်ဆေးကိစ္စလေ။ ကျနော်တို့ ဒီဘက်မှာ ကာကွယ်ဆေး တလုံးမှ တယောက်မှ မထိုးရသေးဘူး။ စစ်ကောင်စီဘက်က မဟုတ်ဘဲနဲ့ အန်ယူဂျီဘက်ကပြ ဖြစ်ဖြစ် CSO ကပဲဖြစ်ဖြစ်၊ ကရင်နီပြည်နယ် နိုင်ငံရေးအတိုင်ပင်ခံကောင်စီကပဲ ဖြစ်ဖြစ်၊ KNDF က ပဲဖြစ်ဖြစ် အဲလိုပုံစံမျိုးကာကွယ်ဆေး ထိုးပေးနိုင်ရင်တော့ အတိုင်းနဲ့အလွန်ပေါ့။ လူတွေကိုအနည်းဆုံး ရှေ့တန်းသွားနေတဲ့ရဲဘော်တွေ စစ်ဘေးရှောင်တွေ အဲဒါတွေကို မြန်မြန် ထိုးပေးနိုင်ရင် ပိုကောင်းတာပေါ့။ ”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up