ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု သုညထိရောက်ရန် ရည်မှန်းထားဟု ဆော်ဒီပြော

ကမ္ဘာ့ထိပ်တန်း ရေနံတင်ပို့သူနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာ ၂၀၆၀ မှာ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု သုညထိရောက်ဖို့ ရည်မှန်းထားပြီး ကာဗွန်ပါတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချရေး နှစ်စဉ် ပန်းတိုင်ကို ၂ ဆကျော် တိုးမြှင့်သွားမယ်လို့ ဆော်ဒီအိမ်ရှေ့စံ မင်းသားက အောက်တိုဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
ရေနံရောင်းချသူ နိုင်ငံများအသင်း အိုပက်အဖွဲ့ဝင် ဆော်ဒီအာရေဗျဟာ ရေနံစျေးကွက် တည်ငြိမ်ရေး အာမခံရင်း ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ အိမ်ရှေ့စံနဲ့ သူ့ရဲ့ စွမ်းအင်ဝန်ကြီးက ပြောပါတယ်။
အောက်တိုဘာလကုန်မှာ ဂလတ်စ်ဂေါမြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ ရာသီဥတု ညီလာခံ COP26 မတိုင်မီ Saudi Green Initiative (SGI) အစည်းအဝေးမှာ ခုလို ပြောလိုက်တာပါ။
ကမ္ဘာကြီး ပူနွေးမှုကို ဖြေရှင်းဖို့ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ပိုနက်နက်ရှိုင်ရှိုင်း လျှော့ချဖို့ သဘောတူရေး မျှော်လင့်နေကြပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ကို ကမ္ဘာ့အထုတ်လွှတ်ဆုံး ထိပ်တန်းနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ အိန္ဒိယတို့ကတော့ ၂၀၅၀ ခုနှစ် မှာ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု သုညဖြစ်ရေး ကတိကို ဆက်ထားခဲ့ကြပါတယ်။
ဆော်ဒီအာရေဗျကတော့ ၂၀၂၀ ကနေ ၂၀၃၀ အတွင်း မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု ၃၀ ရာခိုင်နှုန်း လျှော့ချမယ့် ကမ္ဘာ့ ကနဦးခြေလှမ်းမှာ ပူးပေါင်းမယ်လို့ အိမ်ရှေ့စံ မင်းသားက ပြောပါတယ်။
အောက်တိုဘာ ၂၅ ရက်မှာ ဆော်ဒီမြို့တော် ရိယာ့ဒ်မှာ လက်ခံကျင်းပတဲ့ အရှေ့အလယ်ပိုင်း သဘာဝပတ်ဝန်းကျင် ထိပ်သီးညီလာခံကို အမေရိကန်ရာသီဥတုရေးရာ သံတမန် ဂျွန်ကယ်ရီ တက်ရောက်ဖို့ ရှိပါတယ်။
နှစ်စဉ် ကာဗွန် ထုတ်လွှတ်မှု တန်ချိန် ၂၇၈ သန်း ကို လျှော့ချဖို့ ရည်မှန်းထားပြီး အဲဒီအတွက် ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၁၈၆ ဒသမ ၆ ဘီလီယံဖိုး ရှိနိုင်တယ်လို့ အိမ်ရှေ့စံက ပြောခဲ့ပါတယ်။
ဆော်ဒီဟာ စွမ်းအင်လိုအပ်မှု ၅၀ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကနေ ထုတ်ယူပြီး ကန္တာရ နိုင်ငံအတွင်း သစ်ပင် ဘီလီယံချီ စိုက်ပျိုးသွားမယ်လို့ ဆော်ဒီအစိုးရက မတ်လမှာ ကတိပြုခဲ့ပါတယ်.