ချင်းမိုင် ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာ ရပ်ကွက် ၂ ခုတွင် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်နေ


ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုအရှိန်မြင့်မားနေပြီး ရွှေ့ပြောင်းအလုပ်သမားတွေ စုဝေးနေထိုင်ရာ ရပ်ကွက် ၂ ခုမှာလည်း ကူးစက်မှုတွေ ရှိနေတယ်လို့ ခရိုင်ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ချန့်မွယ့်ရပ်ကွက် ပါဖိုင့်ကျောင်းတိုက်အနီးတဝိုက် အလုပ်သမားတန်းလျားမှာ ဒီမတိုင်ခင်က အလုပ်သမား ၂ ဦး ပိုးတွေ့ပြီး အောက်တိုဘာ ၂၄ မှာ နောက်ထပ် ၈ ဦးတွေ့ရှိကြောင်း၊ ဆန်ဖီဆေ့အုပ်စု လောင်းအော့ရပ်ကွက် နယ်မြေ ၄ ရှိ အလုပ်သမားရပ်ကွက်မှာလည်း ဒီမတိုင်ခင်က ရွှေ့ပြောင်းလုပ်သား ၁၃ ဦး ပိုးတွေ့ပြီး မနေ့က ၅ ဦးထပ်တွေ့တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက နေ့စဉ်သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါနေရာမှာ ရွှေ့ပြောင်းလုပ်သားတွေ ပြွပ်သိပ်ကြပ်တည်းစွာနေထိုင်ကြတာကြောင့် အထူးသတိထား စောင့်ကြည့်ရမယ့်နေရာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလဆန်းပိုင်းက ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားလို့ ၁၄ ရက်ကြာ ပိတ်ထားခဲ့ရတဲ့ တလတ်မိန်းမိုင် (ကုန်စိမ်းလက္ကားဈေး) မှာလည်း မနေ့က နောက်ထပ် ၂၄ ဦး ပိုးတွေ့ရှိလို့ စုစုပေါင်း ၁၃၈၀ ဦး ရှိသွားပြီလို့ ဆိုပါတယ်။
တလတ်မိန်းမိုင်ဈေးထဲက ကုန်တင်ကုန်ချအလုပ်သမားနဲ့ ဈေးရောင်းအကူ၊ အထွေ ထွေအလုပ်သမား ၉၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက အလုပ်သမားတွေဖြစ်ပြီး တနေ့လုပ်တနေ့စား အများစုဖြစ်တာကြောင့် ဈေးပိတ်ထားရတဲ့ကာလမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်ရကြောင်း၊ အောက်တိုဘာ ၁၃ ရက်က ဈေးပြန်ဖွင့်ပေမယ့် ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံစာပါမှ ဈေးထဲပေးဝင်တယ်လို့ အလုပ်သမား စိုင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဈေးထဲမှာ ကူးစက်သူတွေ့တော့ အကုန်လုံး ၁၄ ရက် ကွာရန်တင်းလုပ်ရတယ်၊ ကိုဗစ် ရှိမရှိလည်း သွားစစ်ရတယ်၊ အလုပ်မလုပ်ရတော့ ဒုက္ခရောက်တာပေါ့။ အလုပ်ရှင်က ဆန် ၁ ကီလိုနဲ့ ငါးသေတ္တာ ၅ ဘူးပေးတယ်၊ စားလို့ဘယ်လောက်မလဲ။ လစာက ရတာနဲ့ မြန်မာပြည်က အိမ်ကို ပို့ပေးတာရော၊ အခန်းခ ရေခ မီးခနဲ့ကုန်ပြီ။ အခုဈေးပြန်ဖွင့်တော့ ကာကွယ်ဆေး ပထမတချောင်းထိုးပြီးတဲ့ ထောက်ခံစာရယ်၊ လွန်ခဲ့တဲ့ ၇၂ နာရီက ကိုဗစ်စစ်ထားတဲ့ ဆေးစာရယ် ပြပြီးထောက်ခံစာလုပ်ရတယ်၊ ထောက်ခံစာမပါရင် ဘယ်သူမှ ဈေးထဲမဝင်ရဘူး၊ ကရိကထများ တာပေါ့။”
အလားတူ မြို့မဈေးကြီး (ကတ်လုံ) မှာ ပိုးကူးစက်သူ ၉၄ ဦး၊ ပရဒူချင်းမိုင်ဈေးမှာ ၅၆ ဦး ပိုးကူးစက်သူတွေ့တာကြောင့် လောလောဆယ် အဆိုပါဈေးတွေလည်း ပိတ်ထားပါတယ်။
ခုတင် ၁၅၀၀ ဆံ့ ယာယီဆေးရုံကြီးမှာ နောက်ထပ် ခုတင် ၁၀၀၀ တိုးချဲ့ထားပြီး နခွန်းဖင်း (ပါငဲ့) ဆေးရုံကြီးမှာလည်း ကိုဗစ်-၁၉ လူနာတွေအတွက် နောက်ထပ်ခုတင် ၄၀၀ ဖြည့်တင်းထားရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ ချင်းမိုင်ခရိုင်မှာ ပိုးတွေ့လူနာသစ် ၃၅၅ ဦး တွေ့ရှိခဲ့ပြီး လူနာစုစုပေါင်း ၁၄၅၃၆ ဦးရှိသွားပြီဖြစ်ပါတယ်။
သက်သာပျောက်ကင်းလို့ ဆေးရုံဆင်းသူပေါင်း ၁၀၅၀၃ ဦး၊ သေဆုံးသူ ၅၁ ဦးနဲ့ လက်ရှိဆေးရုံမှာ တက်ရောက်ကုသနေသူ ၃၆၈၄ ဦး၊ သီးသန့်ခွဲထုတ်ပြီး စောင့်ကြည့်ခံရသူ ၂၉၈ ဦးရှိတယ်လို့ ခရိုင်ကိုဗစ်အခြေအနေကွပ်ကဲရေးကော်မတီက ထုတ်ပြန်ထားပါတယ်။