လောကငရဲမှ အကုန်လွတ်မြောက်ဖို့

‘ထောင်’ ဆိုတာ ပစ္စန္တရစ်အရပ်၊ မနေသင့် မနေအပ်တဲ့အရပ်၊ မစည်ကားအပ်တဲ့ အရပ်လို့ ဆိုကြတယ်။

ထောင်ကို အကျဉ်းထောင်၊ နရသိန်၊ ကြေးတိုက်၊ ဘဝတက္ကသိုလ် ဆိုပြီး အမျိုးမျိုး ခေါ်ဝေါ်ခဲ့ကြတယ်။ ဘယ်လိုပဲခေါ်ခေါ် ထောင်ဆိုတာ အုပ်ချုပ်ရေးယန္တရားမှာ အုပ်ချုပ်သူက သူ့အာဏာတည်မြဲရေးအတွက် အသုံးချဖို့ ဖန်တီးထားတဲ့ တီထွင်ချက်တခုထက် မပိုပေဘူး။

အရှေ့တိုင်းမှာတော့ ဘုရင်အုပ်ချုပ်ရေး စတင်ခဲ့တဲ့ မဟာသမ္မတမင်း လက်ထက်ကတည်းက ထောင် ဆိုတာ ပေါ်လာတယ်လို့ ဆိုတယ်။

‘အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ’ ဆိုတာ ရှိကတည်းက အတူတကွ ပေါ်လာခဲ့တာ။ အထင်အရှား ပြောလို့ရတာကတော့ ဗိမ္ဗိသာရမင်းလက်ထက်ပေါ့။ ကြေးတိုက်အုတ်ရိုးနဲ့ အခြေခံအုတ်မြစ်တွေကို အိန္ဒိယရှေးဟောင်းအဖွဲ့က တူးဖော်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာတို့ရဲ့ ပဒေသရာဇ်ကာလ တလျှောက်လုံးမှာတော့ ထောင်ကို ကြေးတိုက်လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြတယ်။

ထောင်ကို လူတိုင်း ရွံရှာစက်ဆုပ်ခဲ့ကြတယ်။ ထောင်ကို ‘မကောင်းမှုပြုသူတွေ ပြစ်ဒဏ်ခံယူရာ အရပ်’လို့ မှတ်ယူခဲ့ကြတယ်။ တကယ်တော့ ထောင်မှာ ခိုးဆိုး၊ လုယက်၊ မုဒိမ်းမှု ကျူးလွန်သူ စာရိတ္တ ပျက်သုဉ်းသူတွေသာမက အုပ်ချုပ်သူရဲ့အာဏာကို ဆန့်ကျင်သူတွေ၊ တော်လှန်သူတွေလည်း ပြစ်ဒဏ်ခံခဲ့ကြရတာပဲ။ အုပ်ချုပ်သူ ဖန်တီးထားတဲ့ ယန္တရားမို့ သူ့အာခံသူတွေလည်း ပြစ်ဒဏ် အချခံခဲ့ကြရတယ်။

အဲဒီလိုလူတွေထဲမှာ တချို့က အုပ်ချုပ်သူတွေထက်တောင် စာရိတ္တကောင်းမွန်ပြီး အမှန်တရား လိုလားသူတွေ ဖြစ်နေတတ်တာကိုတော့ လူတို့အသိမှာ အမေ့ခံထားခြင်း ခံရတာဟာ ဒီနေ့အထိပါပဲ။

သာဓကအနေနဲ့ကြည့်ရင် ဒီနေ့ အကျဉ်းချခံနေရတဲ့ ‘နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်’မှအစ ‘သမ္မတကြီး’တို့နဲ့အတူ အကျဉ်းချခံထားရသူအားလုံးဟာ အာဏာသိမ်းစစ်အုပ်စုထက် စာရိတ္တအရာမှာရော နိုင်ငံချစ်တဲ့အရာမှာရော အစစမှာ သာလွန်နေတာကို တွေ့ရတယ်။ နိုင်ငံကို တိုးတက်စေချင်တယ်။ စစ်အာဏာနဲ့ ဖိနှိပ်ထားသမျှ နိုင်ငံဟာ မတိုးတက်နိုင်ဘူးဆိုတာ သိခဲ့ကြတယ်။ ဒါအတွက်လည်း စစ်အာဏာရှင် ကြီးစိုးမှုကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ဆန့်ကျင်တွန်းလှန်ဖို့ ကြိုးစားခဲ့ကြတယ်။

သမ္မတကြီးဆိုရင် အဂတိကြီးစိုးသူတွေလက်ထဲ နိုင်ငံကို ထိုးမအပ်ဖို့ ‘အသက်ကိုသာ အသေခံမယ်’ လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ရပ်တည်ခဲ့တယ်။ အဲဒီလောက်ထိ နိုင်ငံကို ချစ်တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ‘သူ မလိုဘဲ ဆက်အုပ်ချုပ်နိုင်တဲ့အချိန်’ကို အကောင်အထည်ဖော်ရင်း မတရားဖမ်းဆီး စွပ်စွဲချက် ၁၁ ခုနဲ့ ရင်ဆိုင်နေရတာပဲ။  

အဲဒီလိုပဲ နိုင်ငံအာဏာကို မတရားလုယူသိမ်းပိုက်တာကို လက်မခံနိုင်လို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ အဓမ္မပြုကျင့်တတ်တဲ့ စစ်အာဏာရှင်အောက်မှာ အမှုမထမ်းဆောင်နိုင်လို့ နုတ်ထွက်ကြသူတွေ (CDM)၊ စစ်ပဒေသရာဇ်ဆန်တဲ့ အုပ်ချုပ်မှုကို ငြင်းဆန်ကြသူတွေ၊ အဲဒီလိုလူတွေကို ကူညီပံ့ပိုးပေးတဲ့ သူတွေ၊ အဖေမမိ သားဖမ်း၊ ဇနီးဖမ်း ပြန်ပေးအဆွဲခံခဲ့ရတဲ့ ရိုးသားတဲ့ သာမန်ပြည်သူတွေ၊ ကိုယ့်အနာဂတ် တိုးတက်ဖို့အတွက် တောင်းဆိုတဲ့ ကျောင်းသားတွေ အစရှိတဲ့ အနာဂတ်ကြယ်ပွင့် မြောက်မြားစွာဟာ အာဏာလုစစ်အုပ်စုရဲ့ ပြန်ပေးဆွဲဖမ်းဆီးခြင်း ခံထားရတယ်။ မြန်မာနိုင်ငံရှိတဲ့ အကျဉ်းထောင်အားလုံးမှာ ဒုနဲ့ဒေး အဖမ်းခံ၊ အနှိပ်စက်ခံထားရတယ်။

အမျိုးကောင်းသားသမီးတွေ၊ ဆရာဝန်တွေ၊ ကျောင်းသားတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်ဘက် လုပ်ကိုင်နေသူ လူငယ်တွေ၊ သာသနာ့ဂုဏ်ဆောင် ရဟန်းတော်တွေပါ မကျန် ပစ္စန္တရစ်ထောင်ထဲမှာ။ ဒါကြောင့် ထောင်ဟာ စရိတ္တပျက်ယွင်းပြီး လူသားအချင်းချင်းအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ခံထိုက်သူတွေသာမက အမျိုးကောင်းသားသမီးတွေ လူကောင်းတွေလည်း အာဏာရှင်ကို ဆန့်ကျင်ရင်း အဖိနှိပ်ခံနေရတဲ့နေရာတခု ဖြစ်လာတယ်။

မြန်မာနိုင်ငံမှာတော့ အမျိုးကောင်းသားသမီးတွေ၊ ကျောင်းသားလူငယ်တွေ ခေတ်အဆက်ဆက်က ထောင်ချ ဖိနှိပ်တာ ခံခဲ့ရတယ်။ ဒါဟာ နိုင်ငံရေးပြဿနာတရပ်အဖြစ် ရှိနေတာကြောင့် ဖြစ်တယ်။ နိုင်ငံရေးပြဿနာ ဆိုရာမှာလည်း ဖက်ဒရယ်ပြဿနာနဲ့ စစ်အာဏာရှင်ပြဿနာတို့က အဓိက ဖြစ်တယ်။

နိုင်ငံလွှတ်တော်ကို စစ်တပ်က လွှမ်းမိုးနေခဲ့တဲ့ဖြစ်စဉ်ဟာ လွတ်လပ်ရေးရပြီးချိန်ကတည်းကလို့ ဆိုရမှာပါ။ အတိအလင်း လွှမ်းမိုးချုပ်ကိုင်တာကတော့ ၁၉၆၂ ခုနှစ်လို့ အကြမ်းဖျင်း ဆိုကြပါစို့။

ဖက်ဒရယ်ပြဿနာကလည်း လွတ်လပ်ရေးနဲ့အတူ ဖြစ်ပေါ်ခဲ့တာပဲ။ စည်းလုံးညီညွတ်ရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အာဏာရှင်တစုဟာ ညီညွတ်ရေးကို လက်နက်နဲ့ စုစည်းခဲ့ရာက မြန်မာနိုင်ငံမှာ စစ်ဘောင်ကျယ်လာခဲ့တာ။ ပြည်သူလူထုကိုတော့ တိုင်းပြည်မပြိုကွဲရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ ‘ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး’ ဖြစ်တယ်လို့ ဝါဒဖြန့် မှိုင်းသွင်းပြီး စစ်ပွဲတွေ ဖန်တီးကာ စစ်ဘောင်ချဲ့လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။

ဖြတ်သန်းခဲ့တဲ့ ခေတ်တိုင်းမှာ ဖက်ဒရယ်အရေး လှုပ်ရှားသူ တိုင်းရင်းသားတွေ၊ လူငယ်ပညာတတ်တွေ၊ ရိုးသားတဲ့ ပြည်သူတွေ မရေတွက်နိုင်အောင် ဖမ်းဆီးနှိပ်စက်ခံခဲ့ရတယ်။ အဲဒီအတွေ့အကြုံက မြန်မာပြည်သူတွေအတွက် သိပ်မဆန်းတော့။

ဒါကြောင့်လည်း မြန်မာပြည်သူတွေအဖို့က ထောင်ကျသူတွေအပေါ်မှာ ‘ဘာအမှုနဲ့ ထောင်ကျလဲ’ ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာအသိ ရှိနေခဲ့တယ်။

စာရိတ္တဆိုင်ရာ ပြစ်ဒဏ်အချခံရခြင်း မဟုတ်ရင် “မတရား ဖမ်းဆီခြင်း’လို့ပဲ နားလည်ခဲ့ကြတယ်။ အမျိုးကောင်းသားသမီးတွေကို မတရားပြုမူခြင်းလို့ပဲ နားလည်ခဲ့ကြတယ်။

အဲဒီလို စစ်ဘောင်ချဲ့ထွင်ပြီး စစ်အာဏာရှင်နိုင်ငံ တည်ဆောက်မှု အဆုံးသတ်ပါမှ ဖက်ဒရယ်လည်း ရလာမယ်။ ငြိမ်းချမ်းရေးလည်း ရလာမယ်။ စစ်တပ်ဟာ လွှတ်တော်အောက် ရောက်လာမယ် ဆိုတဲ့ အသိဟာ ပြည်သူတရပ်လုံးရဲ့ စိတ်ထဲမှာ ကိန်းဝပ်ရောက်ရှိနေတာကြောင့် ၂၀၂၁ စစ်တပ် အာဏာလုယူတဲ့အပေါ်မှာ ဆန္ဒပြ ကန့်ကွက်မှုကို အားလုံး ပါဝင်ခဲ့တယ်။ 

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လက်နက်နဲ့ ဖိနှိပ်ပစ်ခတ်နှိမ်နင်းလာတဲ့အတွက် လူငယ်တွေဟာ လက်နက်ကိုင်လာတယ်။ တိုင်ရင်းသားလက်နက်ကိုင်တွေအပေါ် နားလည်လာပြီး အတူပူးပေါင်းကာ စစ်အာဏာရှင် အမြစ်ပြုတ်ရေးဘက်ကို ဦးတည်လိုက်ကြတော့တယ်။

ဒီလိုနဲ့ မြန်မာ့အရေးလှုပ်ရှားသူအားလုံး စစ်တပ်က နှိမ်နင်းသတ်ဖြတ်ခံရသလို တချို့ အဖမ်းခံရ၊ တချို့ ပြန်ပေးဆွဲခံခဲ့ရတယ်။ တချို့က အပြစ်မရှိဘဲ အဖမ်းခံခဲ့ရတယ်။ 

အေအေပီပီစာရင်းအရဆိုရင် အဖမ်းခံထားရသူပေါင်း တစ်သောင်းနီးပါး ရှိနေတယ်။ အဲဒီအထဲက မတရားအကျဉ်းကျခံတချို့ကို အောက်တိုဘာ ၁၈ ရက်က လွှတ်ပေးခဲ့တယ်။ တကယ်တော့ အဲဒီလူတွေဟာ အစကတည်းက အပြစ်မရှိသူတွေ၊ သားမမိ အဖေ အမေ အိမ်ရှိလူကုန် ဖမ်းပြီး ပြန်ပေးအဆွဲခံခဲ့ရတဲ့သူတွေ။

“ရေထဲတွန်းချတုန်းကလည်း သူပဲ။ ရေထဲက ပြန်ဆယ်တော့လည်း သူပဲ။ ပြီးတော့ ကျေးဇူးအတင်ခံ အမြတ်ထုတ်ချင်သေးတယ်” ဆိုတဲ့ စကားအတိုင်းပါပဲ။

အပြစ်မရှိသူတွေကို ဖမ်းပြီး နိုင်ငံတကာဖိအားနဲ့ လူထု မကျေနပ်တာ များလာရင် ပြန်လည်ဖြေလျှော့ဖို့ အစကတည်းက အကြံအစည်အဆိုးနဲ့ အဖမ်းခံခဲ့ရတဲ့သူတွေ၊ ပြန်ပေးအဆွဲခံခဲ့ရတဲ့သူတွေ။ ‘လေဘောင်ပြည့်ခါနီး လေလျှော့ချတဲ့ Release Bar လို လုပ်တဲ့ လုပ်ရပ်တခုထက် မပိုခဲ့ဘူး။ ဒါကလည်း အာဏာရှင်အဆက်ဆက်က လုပ်နေကျတွေမို့ မြန်မာလူထုအဖို့ကတော့ ‘ကျေးဇူးမတင် စံမဝင်’ သတ်မှတ်နေဆဲပါပဲ။

ပိုဆိုးတာက လွတ်တဲ့လူတွေထဲက တချို့ ထောင်ဘူးဝမှာတင် ပြန်ဖမ်းဆီးခံလိုက်ရခြင်းပါပဲ။ တချို့ကိုတော့ နေအိမ်ရောက်မှ နေ့မကူးမီ တကျော့ပြန်လည် အဖမ်းခံခဲ့ရပြန်တယ်။ ဒါကတော့ ယုတ်မာတဲ့အဆင့်ကို ရောက်သွားပါပြီ။

အေအေပီပီရဲ့ ထုတ်ပြန်ချက်အရဆိုရင် လွှတ်ပြီး အဖမ်းခံရသူပေါင်း ၁၁၀ အထိရှိပြီလို့ ဆိုတယ်။ စာရင်းမရသေးတာတွေရှိလို့ ဒီထက်မကရှိနိုင်တယ်လို့ ဆိုပါတယ်။

ငရဲတွင်းက လွတ်လာတဲ့သူတွေအတွက် ကြိုဆိုကြသလို ငရဲတွင်းမှာ ကျန်ရှိနေသေးတဲ့သူတွေ အတွက် စိတ်မအေးစရာ အခြေအနေမှာရှိနေတယ်လို့ ပြန်လွတ်မြောက်လာသူတွေရဲ့ ပြောသံတွေလည်း ကြားနေရတယ်။ “မလုပ်ရဲတာဘာမှမရှိ” ဆိုတဲ့ အာဏာလုစစ်ခေါင်းဆောင်ရဲ့  စကားကလည်းရှိတော့ ငရဲတွင်းနဲ့မခြား ထောင်ထဲမှာ အဖမ်းခံထားရသူတွေအတွက်က ဘာမဆို ဖြစ်လာနိုင်တဲ့ အခြေအနေပါ။ အစကတည်းက အပြစ်မရှိသူတွေကို နိုင်ငံရေးပြန်ပေးအဖြစ် ဖမ်းထားတာကြောင့် ဓားစာခံအဖြစ် ရောက်ရှိနေကြသူတွေ ဖြစ်တယ်။ သူတို့အတွက်က ရတက်မအေးစရာပါ။

ပြည်တွင်းအကျပ်အတည်းနဲ့ နိုင်ငံတကာဖိအားကြောင့် နိုင်ငံရေးပြန်ပေးအဆွဲခံထားရတဲ့ အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်ဆိုပေမဲ့ စစ်အုပ်စုရဲ့ အလိမ်အညာကို မမိဖို့တော့ လိုပါတယ်။ ဒါကိုတော့ နိုင်ငံတကာအဖွဲ့များအနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်ပေးဖို့တော့ လိုမှာပါ။ 

ကွယ်လွန်သူ ဆရာကြီးဦးဝင်းတင် ပြောသလို “မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ရဲ့ ကျေးဇူး မူးလို့ရှုစရာတောင်မရှိဘူး” ဆိုတဲ့ စကားအတိုင်း အမြင်ရှင်းရှင်းနဲ့ကြည့်ပြီး အာဏာရှင်လှည့်ကွက်ကို ရှောင်ရှားနိုင်ကြဖို့ လိုပါတယ်။

ဒါကြောင့် အကျဉ်းကျခံ အမျိုးကောင်းသားသမီးအားလုံး စစ်အာဏာရှင်ထိန်းချုပ်ရာ လောကငရဲမှ အမြန်ဆုံး လွတ်မြောက်ရေးအတွက် မြန်မာလူထုအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါရန် နှိုးဆော်လိုက်ရပါတယ်။

ဂန္ထဝင်မောင်တူး  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up