ဆောင်းဦးလှိုင်၏ နွေဦးတော်လှန်ရေးရန်ပုံငွေဂီတဖျော်ဖြေပွဲမှ ဒေါ်လာ ၆ သိန်းကျော်ရရှိ

မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အဆိုတော် ဆောင်းဦးလှိုင်ရဲ့ တကိုယ်တော် ဂီတဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံမြို့ကြီးတွေမှာ ကျင်းပခဲ့အပြီး ပွဲစဉ် ၁၀ ပွဲကနေ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၆၃၀,၀၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုတော်ဆောင်းဦးလှိုင်ရဲ့ “နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေခရီးစဉ်”လို့ အမည်ပေးထားတဲ့ တကိုယ်တော်နယ်လှည့်ဖျော်ဖြေပွဲကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး မြို့ကြီး ၁၀ မြို့မှာ ကျင်းပသွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်မှာတော့ နောက်ဆုံးပွဲစဉ်အနေနဲ့ Dallas, Tx ပွဲမှာ ဖျော် ဖြေခဲ့အပြီးမှာတော့ ပွဲစဉ်တလျှောက် ရန်ပုံငွေအများဆုံးရရှိခဲ့တယ်လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

“ရန်ပုံငွေ $ ၁၀၇,၀၀၀ ပြန်လည်လှူဒါန်းနိုင်မှာဖြစ်တဲ့အတွက် Dallas ပွဲ(my final concert of the tour )ဟာ စံချိန်ထပ်ချိုးနိုင်ခဲ့ပါတယ်။ Dallas မြို့မှ အစ္စလာမ်ဘာသာ ဝင် မြန်မာပြည်ဖွား  မနီလာက  ခန့်မှန်းခြေ $ ၃၀,၀၀၀ ခန့် တစ်ဦးတည်း  လှူဒါန်းအား ဖြည့်ခဲ့ပါတယ်။ Texas ပြည်နယ် Austin မြို့မှ ကျနော့်ရဲ့  Senior & Junior ဆရာဝန် တွေရဲ့လှူဒါန်းမှု အစုစုကလည်း ရံပုံငွေများစွာရရှိခဲ့ပါတယ်။  ပရိသတ်များရဲ့အားပေးမှုက အဓိကပေါ့ဗျာ။ ကျနော့် shirt ,hat & guitar လေလံများမှ  ဒေါ်လာတစ်သောင်းကျော်၊ ကျနော့် Tips ဒေါ်လာ တစ်သောင်းတစ်ထောင်ကျော်၊ အားလုံး $ ၂၁,၀၀၀ ကျော်ကို တစ်ပြားမကျန်ပြန်လည်လှူခဲ့ပါတယ်။ ကျနော့်ပွဲစဉ် ၁၀ ပွဲကနေ စုစုပေါင်းရံပုံငွေ  $ ၆၃၀, ၀၀၀ ကျော်ရခဲ့ပါတယ်။  ကျနော့်ကို ခေတ္တအနားယူခွင့်ပြုပါ”

အမေရိကန်မြို့ကြီးတွေမှာ ဖျော်ဖြေပွဲတွေအသီးသီးက ရရှိတဲ့ ရန်ပုံငွေတွေကိုတော့ မြန်မာ ပြည်အနယ်နယ်အရပ်ရပ်က လိုအပ်တဲ့ နေရာတွေအသီးသီးကို ပေးပို့လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၄၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆောင်းဦးလှိုင်ဟာ လတ်တလောမှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ 

၁၉၈၉ ခုနှစ်လောက်က စတင်ပြီးတော့ တေးရေးဆရာတဦးအနေနဲ့ မြန်မာ့ဂီတ လောကထဲကို ရောက်ရှိလာခဲ့တဲ့ ဆောင်းဦးလှိုင်ဟာ ၁၉၉၃ ခုနှစ်မှာတော့ ‘မင်းရဲ့ သူရဲကောင်း’ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့ အောင်မြင်တဲ့အဆိုတော်တယောက်အဖြစ် ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတာ ဖြစ်ပါတယ်။ 

သူဟာ ဆေးပညာဘွဲ့ရတဦးလည်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုခဲ့တဲ့ တကိုယ်တော် တေးအယ်လ်ဘမ်ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ 

အဲဒီအချိန်ကာလတွေမှာတော့ တကိုယ်တော်သီဆိုမှုတွေအပြင် ထရေစီနဲ့ တခြား အဆိုတော်တွေပါ ပါဝင်ဖွဲ့စည်းထားတဲ့ ‘ခရီးသွားငါးယောက်’၊ တေးသံရှင် စည်သူလွင်၊ အဲလက်စ်တို့နဲ့ သီဆိုအောင်မြင်ခဲ့တဲ့ ‘19:18’ အယ်လ်ဘမ်တွေမှာပါ ပရိသတ်တွေကြား ဆယ်စုနှစ်နဲ့ချီ နေရာယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာတော့ ဆောင်းဦးလှိုင်ဟာ တေးသီချင်းထုတ်လုပ်မှုတွေကို ရပ်နားထားခဲ့ပြီး ဆယ်စုနှစ်အကြာ ၂၀၁၇ မှာတော့ ‘ကမ္ဘာ့စံချိန်’ မီနီအယ်လ်ဘမ်ကို ထွက်ရှိခဲ့တာပါ။

အဲဒီနောက် ကြားကာလ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရကို ထောက်ခံအားပေးတဲ့ တေးသီချင်းတွေကို ရေးသားခဲ့ပြီး ‘မေမေနိုင်မှ ဖြစ်မှာပါ’ ၊ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖိနှိပ်ခံကာလတုန်းကအခြေအနေကို ရည်ရွယ်ရေးသားခဲ့ပြီး နီနီခင်ဇော် သီဆိုခဲ့တဲ့ ‘မျှော်လင့်ချက် တစုံတရာ’ သီချင်းတွေဟာလည်း အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up