ထိုင်းနိုင်ငံအနောက်ပိုင်း၊ ကန်ကျနပူရီခရိုင်၊ ဆိုင်းယုတ်မြို့နယ်ထဲမှာ အောက်တိုဘာ ၂၄ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂၀ ဦး ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ဒီကနေ့မနက်မှာလည်း နောက်ထပ် ၁၄ ဦးဖမ်းဆီးခံခဲ့ရပါတယ်။
နယ်ခြားစောင့်တပ် အမှတ် ၁၃၆ တပ်ဖွဲ့ဝင်တွေဟာ ဆိုင်းယုတ်မြို့နယ် လုမ်ဆုမ့်ကျေးရွာအုပ်စု ဖူးနွဲ့ရွာအနီးနယ်စပ်တလျှောက် လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် မနက် ၈ နာရီလောက်မှာ ကားလမ်းတလျှောက် မောင်းနှင်လာတဲ့ တိုယိုတာတံဆိပ် အဖြူရောင်မှန်လုံကားတစ်စီးကိုလည်း တားဆီးစစ်ဆေးခဲ့ပါတယ်။
ကားပေါ်မှာ ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့အထောက်အထားတစုံတရာမရှိ မြန်မာ ၁၄ ဦး ( ကျား ၁၀ ဦး မ ၄ ဦး ) လိုက်ပါစီးနင်းလာတာကြောင့် အသက် ၂၇ နှစ်ရွယ်ရှိ ထိုင်းလူမျိုး ယာဉ်မောင်း နဲ့ ၃၀ နှစ်ရွယ် ထိုင်းအမျိုးသား ၁ ဦးတို့ပါ တရားမဝင်သူတွေ သယ်ဆောင်လာမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်ဆေးမေးမြန်းချက်အရ မြန်မာအလုပ်သမားတွေဟာ ရန်ကုန်တိုင်းကဖြစ်ပြီး ထိုင်းမှာအလုပ်လာလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ပေးကာ ရောက်လာကြကြောင်း ၊ ဘယ်မြို့မှာ အလုပ်သွားလုပ်ရမလဲဆိုတာတော့ မသိသေးဘူးလို့ ဆိုပါတယ် ။ တာဝန်ရှိသူတွေက သူတို့ကို အပူချိန်တိုင်းပြီး လဝကဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
လတ်တလော ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် ဝင်ရောက်လာသူတွေ နေ့စဉ်လိုဖမ်းဆီး ရမိနေလို့ နယ်စပ်တလျှောက် ၂၄ နာရီလုံခြုံရေးစောင့်ကြပ်ဖို့ ထိုင်းအမျိုးသားလုံခြုံရေးဘက်က သက်ဆိုင်ရာနယ်ခြားစောင့်တပ်နဲ့ အုပ်ချုပ်ရေးရုံးတွေကို ညွှန်ကြား ထားပါတယ်။
ကိုးကား - ကန်ကျနပူရီသတင်း