Live
Home
မြန်မာသတင်း
လားရှိုးက စစ်ကောင်စီတပ်ရင်း ၂ ခု ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
October 25, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် (၅၀၇)‌ ခြေမြန်တပ်ရင်းနဲ့ အမှတ် (၁) ဝန်တင်တပ်ရင်းတို့ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီလောက်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အနီးနားရပ်ကွက်နေပြည်သူတဦးက “ပေါက်ကွဲသံတွေက အကျယ်ကြီးပဲ မြေကြီးတောင်တုန်တယ်။ အေတီတပ်ထဲကို ပစ်သွားတယ်လို့ပြောတာပဲ။ တချိန်တည်းမှာပဲ ၅၀၇ တပ်ကို ပစ်ခံရတယ်လို့ သတင်းတွေတက်လာတယ်။ ပေါက်ကွဲသံအပြီးမှာ တပ်ထဲက အသိပေး သံချောင်းခေါက်သံတွေ ကြားရတယ်” လို့ ပြောပါတယ်။

အခုပစ်ခတ်မှုကြောင့် အမှတ်(၁)ဝန်တင်တပ်ရင်းဧရိယာအတွင်းက လားတွေထားတဲ့ အဆောင်နား လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲတာရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။   အဆိုပါ ပစ်ခတ်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာရှိမရှိသိရဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လားရှိုးမြို့မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ပြီး တိုင်းလက်အောက်ခံ တပ်ရင်းပေါင်း ၃၀ နီးပါးက မြို့ပတ်လည်ကို အခြေချဝိုင်းရံထားပါတယ်။

ဒါ့အပြင် တိုက်ခိုက်ရေးတပ်မတွေကလည်း အဝေးကင်း အနီးကင်းချကာ မြို့အဝင်အထွက်ကို တင်းကျပ်ထားတဲ့ကြားက အခုလို ပစ်ခတ်တိုက်ခိုက်ခံရတဲ့အပေါ် မြို့ခံတွေက ဝေဖန်နေ ကြပါတယ်။

မြို့ခံတစ်ဦးက “လားရှိုးမှာ ဗိုလ်ချုပ်အဆင့်ရုံးထိုင်တဲ့ ရမခစစ်ဌာနချုပ်ကြီး ရှိတယ်။ သူ့အောက်က တပ်ရင်းပေါင်းကလည်း မနည်းဘူး။ မြို့ပတ်လည်မှာလည်း တပ်တွေကြီးပဲ လက်ညှိုးထိုးမလွဲဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကိုအကြောင်းပြပြီး မြို့အဝင်အထွက်လမ်းတွေမှာလည်း စစ်သားတွေက စစ်ဆေးနေတယ်။ ဒီကြားထဲ အခုလိုမျိုး လာပစ်သွားတယ်ဆိုတော့ စဉ်းစားတာကြည့်ပေါ့” လို့ ပြောပါတယ်။

လားရှိုးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တို့ အောက်တိုဘာလဆန်းပိုင်းက ထိတွေ့တိုက်ပွဲတွေ  ဖြစ်ပွားခဲ့တာရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မြို့နယ်တချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)‌ တွေ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း သက်ဆိုင်ရာတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024