မန္တလေးတိုင်း မိုးကုတ်မြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းက NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော် နေအိမ်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေကာ တူမနဲ့ မြေးဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်းနေအိမ်ပါ ရှာဖွေခံရတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက "ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်ငံကျော်အိမ်ကို ဝင်ရှာတာ၊ သူက ရှောင်နေတာကြာပြီ။ စကစက လူတွေ ဝင်ရှာချိန် သူ့တူမက ဖုန်းနဲ့ဓာတ်ပုံရိုက်တော့ ဖလပ်မီးပွင့်သွားတော့ တူမကော မြေးကိုကော ဖမ်းသွားတာ" လို့ ပြောပါတယ်။
မိုးကုတ်မြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်ရဲ့ တူမဖြစ်သူ မကံကြည်ကြည်နဲ့ မြေးဖြစ်သူ မောင်ရှိုင်းဝဏ္ဏတို့ ဖမ်းဆီးခံထားရတာလို့ သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းက တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်း နေအိမ်ကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့ကြပြီး တိမ်းရှောင်နေတာကြောင့် အဖမ်းမခံရဘူးလို့ သိရပါတယ်။
တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်းက ပထမတစ်ကြိမ် ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်လာခဲ့ပြီးနောက် အခုနောက်တစ်ကြိမ် ပြန်ရှာဖွေခံရတာလို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၄ ရက်နေ့ညပိုင်းမှာ လက်နက်အင်အား လူအင်အားအပြည့်နဲ့ ကင်းလှည့်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။