မိုးကုတ်မြို့က NLD အမတ်များနေအိမ် ဝင်ရောက်ရှာဖွေခံရ၊ တူမနှင့်မြေးဖြစ်သူကို ဖမ်းဆီး

မန္တ​လေးတိုင်း မိုးကုတ်မြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းက NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော် နေအိမ်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေကာ တူမနဲ့ မြေးဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်းနေအိမ်ပါ ရှာဖွေခံရတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက "ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်ငံကျော်အိမ်ကို ဝင်ရှာတာ၊ သူက ရှောင်နေတာကြာပြီ။ စကစက လူတွေ ဝင်ရှာချိန် သူ့တူမက ဖုန်းနဲ့ဓာတ်ပုံရိုက်တော့ ဖလပ်မီးပွင့်သွားတော့ တူမကော မြေးကိုကော ဖမ်းသွားတာ" လို့ ပြောပါတယ်။

မိုးကုတ်မြို့က ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်ရဲ့ တူမဖြစ်သူ မကံကြည်ကြည်နဲ့ မြေးဖြစ်သူ မောင်ရှိုင်းဝဏ္ဏတို့ ဖမ်းဆီးခံထားရတာလို့ သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းက တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်း နေအိမ်ကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့ကြပြီး တိမ်းရှောင်နေတာကြောင့်  အဖမ်းမခံရဘူးလို့ သိရပါတယ်။

တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်းက ပထမတစ်ကြိမ် ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်လာခဲ့ပြီး​နောက် အခုနောက်တစ်ကြိမ် ပြန်ရှာဖွေခံရတာလို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၄ ရက်နေ့ညပိုင်းမှာ လက်နက်အင်အား လူအင်အားအပြည့်နဲ့ ကင်းလှည့်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

More News
Up