ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဂျင်မီကို စစ်ကောင်စီ တပ်ဖွဲ့တွေက ရန်ကုန်မြို့မှာ အောက်တိုဘာ ၂၃ ရက်က ဖမ်းဆီးလိုက်တယ်လို့ ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။
အောက်တိုဘာ ၂၃ ရက် စနေနေ့ ညပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း)မှာ ဖမ်းဆီးသွားတာဖြစ်ပြီး ကိုဂျင်မီရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်တယ်လို့ မနီလာသိန်းက အသိပေးထားပါတယ်။
ဖမ်းဆီးမှုနောက်ပိုင်း ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအားလုံးကို စစ်ကောင်စီက တာဝန်ယူရမယ်လို့လည်း ရေးသားထားပါတယ်။
လတ်တလော ကိုဂျင်မီကို စစ်ကောင်စီက ဘယ်မှာ ဖမ်းဆီးထားတယ်၊ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာတော့ မသိရသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဂျင်မီဟာ ရှစ်လေးလုံးမျိုးဆက် ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ကိုမင်းကိုနိုင်နဲ့အတူ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကို ဦးဆောင်နေသူ ဖြစ်ပါတယ်။
Photo- Nilar Thein