ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၂၀ ရက်နေ့မနက်ပိုင်း စစ်တပ်အမာခံသတင်းပေး တဦး အသတ်ခံရပြီးနောက်ပိုင်း စစ်အုပ်စုက ဒေသခံလူငယ် ၃၀ ကျော်လောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုသတင်းပေး အမျိုးသားတဦး ဘူတာဈေးမှာ ပစ်သတ်ခံရပြီးနောက်ပိုင်း ဈေးအတွင်းက လူငယ်အချို့နဲ့ ရပ်ကွက်နေ လူငယ်တွေကို စစ်အုပ်စုက PDF လို့ စွပ်စွဲကာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“လုပ်တဲ့သူတွေလည်း သူတို့လုပ်တာလို့ ထုတ်ပြန်ထားတယ်။ အဲ့တာကို မဆိုင်တဲ့ လူငယ်လေးတွေကို လိုက်ဖမ်းတာ ခုဆို ၃၀ ကျော်လောက်ရှိပြီ။ တချို့လည်း ပြန်လွှတ်ပေးတယ်လို့ ကြားတယ်။ ပြန်လွတ်လာတာ ၅ ယောက်လောက်ရှိပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်အမာခံသတင်းပေး အမျိုးသား အသတ်ခံရပြီးနောက်ပိုင်း ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို ရဲစခန်းမှာ ရိုက်နှက်စစ်ဆေးတာတွေပြုလုပ်ပြီး အသက်မပြည့်သေးတဲ့ လူငယ်အချို့ကို ပိုက်ဆံတောင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ရဲအသိုင်းဝိုင်းက သိရပါတယ်။
စစ်တပ်သတင်းပေးအမျိုးသားကို ရှင်းလင်းခဲ့တာဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ ပုသိမ်မြို့မြို့ပြပြောက်ကျား တပ်ဖွဲ့က အဲ့နေ့မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက လူငယ်တွေကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
ပုသိမ်မြို့မှာတော့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့အတွက် အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပေမယ့် အဲ့နောက်ပိုင်းမှာ ဒလန်ရှင်းလင်းတာတွေနဲ့ စစ်အုပ်စုထောက်တိုင်နေရာတွေ ဗုံးပေါက်ကွဲတာ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။