
တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းမြို့မှာ မီးတာခများ ပေးဆောင်ခြင်း မရှိပါက မီးဖျက်သွားမဲ့ အပြင်အာဏာဖီဆန်မှုနဲ့ ဖမ်းဆီးသွားမယ်လို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ဒလန်တွေက လိုက်လံ ခြိမ်းခြောက်နေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
ဓာတ်အား သုံးစွဲခ ကြွေးကျန်တွေကို မပေးပါက မီးဖျက်ခံရမယ့်အပြင် အာဏာဖီဆန်မှုနဲ့ပါ ဖမ်းဆီးခံရမှာကြောင့် အမြန်ဆုံးမီတာခတွေ ဆောင်ကြဖို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ဒလန်တွေက နီးစပ်ရာလူတွေကို တိတ်တဆိတ် ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဆိုပါတယ်။
"ဒီကောင်တွေက စေတနာနဲ့ပြောသလို၊ အသိပေးသလို၊ ခြိမ်းခြောက်သလိုနဲ့ ပြည်သူတွေ ကြောက်လန့်ပြီ မီတာဆောင်အောင် ပြောနေတာလေ။ စာတွေကတော့ ရွာတွေကို မြို့နယ်လျှပ်စစ်က စာပို့တယ်ကြားတယ်။ ကျနော်တို့ဆီကိုတော့ မရောက်သေးဘူး"
မုန်းမြို့ သောင်လည်ကျေးရွာမှာ မီတာခ ကြွေကျန်တွေကို အမြန်လာရောက်ပေးဆောင်ကြဖို့ မပေးဆောင်ပါက လျှပ်စစ်ဥပဒေအရဓာတ်အားဖြတ်တောက်သွားမယ်ဆိုတဲ့ စာတွေကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးရုံးက လိုက်လံပို့ဆောင်နေတယ်လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။
မီတာဖတ်စာရေးတွေက အိမ်တွေမှာ မီတာလိုက်လံ ဖတ်ရှု့ခြင်း မရှိဘဲ ခန့်မှန်းခြေနဲ့ မီတာခကို တွက်ချက်ပြီး အဆမတန်စျေးတင်တောင်းထားတာကြောင့် လပေါင်းများစွာ မီတာခ သိန်းချီ ကြွေးကျန်ရှိနေတာကြောင့် မပေးဆောင်နိုင်ဘူးလို့လည်း ဆိုပါတယ်။
"အုပ်ကြီတွေ ဒလန်တွေခြိမ်းခြောက်သလို မီးပဲဖျက်ဖျက်၊ မီတာပဲဖြုတ်ဖြုတ်၊ အာဏာဖီဆန်မှုနဲ့ပဲ ဖမ်းဖမ်း ခုအချိန်အခါဟာ ဘာအလုပ်အကိုင်မှလည်းမရှိလို့ မီတာဆောင်စရာငွေလည်း မရှိဘူး။ ငွေရှိလည်း စစ်ကောင်စီကို အသိအမှတ်မပြုတဲ့အတွက် မီတာခလည်းမဆောင်ဘူး။" လို့ ဒေသခံတဦးက ပြောပါတယ်။
မုန်းမြို့ အုပ်ချုပ်ရေးမှူးရုံးနဲ့ မီတာကြွေးကျန်ပေးဆောင်ဖို့ စာပို့ထားတဲ့ သောင်လယ်ကျေးရွာမှာ အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်တွေ မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။