နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ပြုလုပ်မည့်အပေါ် ထောက်ကြန့်ပြည်သူများ ဝေဖန်

ထောက်ကြန့်မြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ပြုလုပ်ရေး အစည်းအဝေးခေါ်ယူမှုအပေါ် ပြည်သူတွေအကြား ဝေဖန်မှုမြင့်တက်နေပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့မှာ သမိုင်းဝင်ဆုတောင်းပြည့် ဇိနမာရ်အောင်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲအား စည်ကားသိုက်မြိုက်စွာ နှစ်စဉ်ကျင်းပနေတာဖြစ်ပြီး အခုနှစ် ကျင်းပနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဘုရားဂေါပကအဖွဲ့ဝင်တွေက အောက်တိုဘာ ၂၂ ရက်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ကြတာပါ။
အဲ့လို အစည်းအဝေးခေါ်ယူမှုနဲ့ ပတ်သက်ပြီး ရပ်ကွက်နေ ပြည်သူတစ်ဦးက "တိုင်းပြည်က မတည်မငြိမ်ဖြစ်နေတာ၊ ပြီးတော့ ကိုဗစ်ကလည်း အရှင်းကြီးပျောက်တာမဟုတ်သလို ကာကွယ်ဆေးကလည်း ပြည့်အောင်တောင်မထိုးရသေးဘူး။ ဒီလိုချိန် ဒီလိုမျိုးလုပ်တာက တော်တော်အသိဉာဏ်မဲ့တာပဲ။ သူတို့တွေက အသက်ကြီးတာ သေမလို့သာကြီးနေကြတာ ဦးနှောက်ကပါမလာကြဘူး။ ကျနော်ကတော့ မလုပ်သင့်ဘူးလို့ပဲ မြင်တယ်၊ သူတို့ ကိုဗစ်ကို ဘယ်လိုထိန်းမှာလဲ၊ နောက်ကျမှ အောက်ဆီဂျင်စက်ဆိုလို့ကတော့ လဲသာသေကြရမှာ" လို့ ပြောပါတယ်။
ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်နေ ပြည်သူတစ်ဦးက "နှစ်စဉ်နှစ်တိုင်းလုပ်နေတဲ့ ဘာသာရေးပွဲဆိုပေမဲ့လည်း အန်တီကတော့ မလုပ်စေချင်ဘူး။ ကလေးတွေရဲ့ သဘောဆန္ဒလည်းပါမှာမဟုတ်ဘူးလို့ အန်တီထင်တယ်။ တော်လှန်ရေးကာလဆိုတဲ့ အသိကိုလည်း ဘာသာရေးကို အသုံးချ အပျော်အပျက်တွေနဲ့ မဖုံးစေချင်ဘူး" လို့ ပြောပါတယ်။
ထောက်ကြန်မြို့မှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ လှည့်လည်ပူဇော်ခြင်းကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေပြီး အခု (၃၈) ကြိမ်မြောက် ဘုရားပွဲကျင်းပရေးအတွက် ထောက်ကြန့်ဒေသခံ ပြည်သူတွေအကြား ဝေဖန်မှုမြင့်တက်လာတဲ့အပြင် မြို့နေအသိုင်းအဝိုင်းတွေမှာလည်း အပြင်းအထန် ဆန့်ကျင်ကန့်ကွက်နေကြတယ်လို့ သိရပါတယ်။
Photo- မင်္ဂလာဒုံအမျိုးသားမီဒီယာ - MNM