စစ်မိစ္ဆာအာဏာရှင် မကျဆုံးသရွေ့ အမျိုးသမီးတွေလည်း လက်နက်ကိုင် တော်လှန်နေကြဦးမယ်

စစ်အာဏာသိမ်းတာ  ၉ လနီးပါး ရှိလာပြီဖြစ်ပေမဲ့  စစ်အာဏာရှင်ဆန့်ကျင်ရေးတွေဟာ နိုင်ငံအနှံ့ တောင်ပေါ် မြေပြန့်မကျန် ရပ်မသွားဘဲ တနေ့ထက် တနေ့ ပိုမိုပြင်းထန်လာနေပါတယ်။

မြို့ကြီးမြို့ငယ်တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအားဖြင့်သော်လည်းကောင်း၊ ရရာလက်နက်တွေ စွဲကိုင် တိုက်ခိုက်မှုအားသော်လည်ကောင်း နေ့စဉ်နဲ့အမျှ  ပိုမိုများပြား တိုးသထက်တိုးလာနေပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက သန်းနဲ့ချီတဲ့ ကျောင်းသားပြည်သူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပေမဲ့ အာဏာသိမ်းစစ်တပ်တွေရဲ့ တရားမဲ့ ပစ်ခတ်သတ်မှုတွေ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းက ကျောင်းသားပြည်သူတွေဟာ စစ်အာဏာရှင်ကို အမြစ်ဖြုတ် တိုက်ထုတ်နိုင်ဖို့ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်ခဲ့ကြ ပါတယ်။ 

ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေ အပါအဝင် နိုင်ငံတဝန်းက ကျောင်းသားပြည်သူတွေဟာ စစ်ရေးလေ့ကျင့်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေရှိရာဒေသတွေကို သွားရောက်ပြီး အခြေခံစစ်ပညာတွေ သင်ယူနေကြပြီး အာဏာရှင်ကို အမြစ်ပြတ် ဖြုတ်ချနိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာခဲ့ကြပါတယ်။ 

ဒီလို လက်နက်ကိုင်လမ်းစဉ်တွေ ရွေးချယ်လာသူတွေအများစုဟာ လူငယ်လူရွယ် ပညာဆက်လက်သင်ကြားရမယ့် ကျောင်းသားလူငယ်တွေအပြင် ကျောင်းသူ အမျိုးသမီးငယ်တွေကလည်း သူတို့ဘဝမှာ တခါမှာ အိပ်မက်တောင်မမက်ခဲ့ဖူးတဲ့ ဒီလို လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်လာခဲ့ကြပါတယ်။

ရှမ်းပြည်တောင်ပိုင်းနဲ့ ရှမ်းကယားနယ်စပ်မှာ ကျောင်းပြီးကတည်းက ဧည့်လမ်းညွှန်တယောက်အဖြစ် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခဲ့တဲ့ မအန်နာက လက်ရှိအချိန်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဖယ်ခုံဇုန်မှာ တာဝန်ထမ်းဆောင်နေပါတယ်။ 

အဲဒီတပ်ထဲကို ရောက်လာပုံကို မအန်နာက “ဒီလို အာဏာစသိမ်းတဲ့အချိန်ကစပြီးတော့မှ ညီမ နေတဲ့မြို့မှာ သပိတ်တွေ၊ တောက်လျှောက်လုပ်လာတယ်။ အဲဒီလိုလုပ်လာရာကနေပြီး သပိတ်ကော်မတီတွေကို လိုက်ဖမ်းတဲ့အခါကျတော့ ဘယ်လိုမှ သပိတ်လုပ်လို့မရဘူး။ နောက်ဆုံး သံပုံးတောင် တီးလို့မရတော့တဲ့ အခြေအနေမျိုးမှာ ညီမကလည်း ဘာမှလုပ်စရာမရှိတဲ့ အတူတူ၊ ဘာမှလည်း မလုပ်ဘူးဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို လိပ်ပြာလုံမှာမ ဟုတ်ဘူးဆိုပြီးတော့မှ သိတဲ့လူတွေနဲ့ချိတ်ဆက်ပြီး ညီမက သင်တန်းသွားလိုက်တာဖြစ်ပါတယ်။ ”

မအန်နာဟာ ဧည့်လမ်းညွှန်လုပ်ငန်းတဖက်နဲ့ ဘာသာစကားမတတ်တဲ့ ကလေးသူငယ်တွေကိုလည်း သင်ပေးတာတွေ လုပ်ဆောင်နေတဲ့အပြင် မကြာခင် နိုင်ငံခြားမှာ  ပညာတော်သင်သွားဖို့ စီစဉ်ထားသူ ဖြစ်ပါတယ်။ 

ဒါပေမဲ့ အဲဒီပညာသင်လမ်းကို မရွေးချယ်တော့ဘဲ အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ 

“ညီမက အမှန်တိုင်း ပြောမယ်ဆိုရင် ကိုယ်ကြိုးစားလို့ ရလာတဲ့အခွင့်အရေးကို လိုချင်တယ်၊ သွားချင်တယ်။ ဒါပေမဲ့ ဒီနေရာမှာလည်း ညီမလိုပဲ အရာအားလုံးကို စွန့်လွတ်ပြီးတော့မှ ဒီကို ရောက်လာတဲ့လူတွေ ရှိတယ်။ ပြီးတော့ အရင်ကျောင်းအတူတူတက်တဲ့ သူငယ်ချင်းတွေ အရမ်းတော်တယ်၊ အရမ်းထက်တယ်။ ဘာသာစကားကလည်း အများကြီးလည်းတတ်တယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ သူတို့က ထောင်ထဲမှာ ဖမ်းဆီးခံနေရတယ်ပေါ့နော်။ အဲဒီအခါကျတော့ ညီမက ဒီလို ထွက်သွားလိုက်မယ်။ ကျောင်းသွားတက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချတော့မယ်ဆိုလို့ရှိရင် သူတို့တွေကို ပြန်ပြီးစဉ်းစားမိတယ်။ အဲဒီခါကျတော့ ညီမက ကိုယ့်ကိုယ်ကိုယ်  လိပ်ပြာမလုံဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီလိုထွက်သွားဖို့ လမ်းကို မရွေးတော့ဘဲ၊ ဒီမှာပဲ ဒီမှာ အတိုင်းအတာ အချိန်တခုအထိ ဆက်နေကြမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ”

ဒီလို နိုင်ငံခြားပညာတော်သင်သွားဖို့ပဲ မိဘကလိုလားပြီး ပြောဆိုပေမဲ့ လက်နက်ကိုင်တဲ့ အဖွဲ့ထဲမှာပဲ ဆက်နေနေတဲ့ သူ့ကို သူ့မိဘက အဆက်အသွယ်လုံးဝ ဖြတ်တောက်ထားတာ ၂ လ ကျော်နေပြီလို့လည်း မအန်နာက ပြောပါတယ်။

ဒီလိုအလားတူပဲ အာဏာရှင်တိုက်ထုတ်ဖို့ ပညာသင်ရာကနေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်သူတွေအထဲမှာ လက်ရှိ ကယားပြည်နယ်က ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒီးမော့ဆိုဘက်မှာ  အမျိုးသမီးစစ်သည်တော်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၂ အရွယ် လူငယ်အမျိုးသမီး ဇူဇမ်လည်း ပါဝင်ပါတယ်။

စကားပြောရင် ကျနော် ကျနော်နဲ့ ပြောတတ်တဲ့ မဇူဇမ်က “ကျနော်က တကယ်တမ်းအခုဆိုရင် ဘွဲ့ရသင့်တဲ့ အရွယ်ရောက်ပြီပေါ့နော်။ အခုချိန်အထိလည်း ဒီမြန်မာနိုင်ငံက ဘွဲ့ကလည်း ဘယ်လောက်အထိ အသုံးဝင်မလဲ မသိဘူး။ ကျနော့်အိပ်မက်တခုကတော့ ကျနော် နိုင်ငံခြားကျောင်းတွေ တက်ချင်တယ်။ အဓိက ကျနော်လုပ်ချင်တဲ့ မိဘတွေလုပ်နေတဲ့ စိုက်ပျိုးရေးကျောင်းတခုကို ကျနော် သေချာတက်လေ့လာပြီး ဒီစိုက်ပျိုးရေးအလုပ်ကို ကျနော် ပြန်လုပ်ချင်တယ်ပေါ့နော်။ သို့သော် ဒီနိုင်ငံရဲ့ ဖြစ်စဉ်အရ အခုထိ လေ့လာခွင့်မရသေးဘူးပေါ့နော်။ ကျနော်တို့မှာ ဝါသနာတွေ အိမ်မက်တွေ အများကြီးရှိတယ်။ အခုဆိုရင် တခုခုလိုလို့ မြို့ထဲသွားရင်တောင်မှ မလုံခြုံဘူးပေါ့နော်။ ဆိုတော့ ကျနော်တို့မှာ ဆုံးရှုံးမှုတွေက ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ မရှိတော့ဘူး။ ဘယ်အချိန်တွေ့သွားလို့ ဘယ်အချိန်လာဖမ်းမယ် စိုးရိမ်စိတ်တွေနဲ့ သွားရတဲ့ကာလတွေ အများကြီးရှိတယ်ပေါ့နော်။ ဆိုတော့ ဒါက လူတယောက် ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေ ဆုံးသွားပြီဆိုရင် ကျနော်တို့မှာ ဘယ်လောက်ထိတောင် ဆုံးရှုံးသွားပြီလဲပေါ့။ ဒါကျနော်တို့ အနာဂတ်တွေ၊ အနာဂတ်တွေ များစွာကို ကျနော်တို့ မပြောသေးဘူး” လို့ ပြောပါတယ်။ 

ဒီလူငယ်အမျိုးသမီးလေးတွေအနေနဲ့ အာဏာရှင်ကို လက်နက်ကိုင်နည်းလမ်းနဲ့ တော်လှန်ဖို့ ဒီလိုဆုံးဖြတ်ချက်ချပြီးနောက် အခြေခံစစ်ပညာသင်တန်းတွေ လေ့လာသင်ယူရပြီး အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူဖြစ်ဖို့ ပိုမိုပြီး အားစိုက်နေကြရတယ်လို့ ဇူဇမ်က ပြောပါတယ်။

“မိန်းကလေးဆိုတာ အားငယ်တယ်၊ အားနည်းတယ်။ တချို့အသိုင်းအဝိုင်းတွေက အားနည်းနေတဲ့ မိန်းကလေးက ဒါကို မလုပ်နိုင်ဘူးဆိုတဲ့ ပုတ်ခတ်တာတွေ ရှိတယ်။ နောက်တခုက ယောကျ်ားလေးတွေနဲ့ ရင်ပေါင်တန်းပြီး ဒီဟာကို လုပ်နေရတဲ့အတွက်ကြောင့် အများကြီးပိုပြီး အားခဲရတယ်။ ကြိုးစားရတယ်။ ပြီးတော့ မိန်းကလေးတွေ သဘာဝဖြစ်တဲ့ အဖြစ်မှာ တောထဲမှာဆိုရင် သင်တန်းတက်တဲ့အချိန်မှာ အရမ်းအေးတယ်ပေါ့နော်။ အခုနဖြစ်တဲ့ မိန်းကလေးကိစ္စကြောင့်မို့ သင်ခန်းစာတွေ နောက်ကျတာတွေ ကိုယ့်ကိုယ်ကိုယ် အားမရတဲ့ အပိုင်းမှာ အများကြီးရှိတယ်ပေါ့နော်။ ”

သူ့အနေနဲ့ ဒီလိုကြိုးစားသင်ယူပြီး နာကျင်ပင်ပန်းမှုတွေကို ကြိတ်မှိတ်သည်းခံနိုင်ခဲ့တဲ့အတွက်  လက်ရှိမှာ သူဟာ စစ်သင်တန်းဆင်းပြီးသွားလို့ သက်ဆိုင်ရာ နယ်မြေမှာ တာဝန်ထမ်းဆောင်နေပါပြီ။ 

မအန်နာကလည်း “အဓိက အခက်အခဲကနှ စ်ပိုင်းရှိမယ်။  စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပေါ့။ ရုပ်ပိုင်းဆိုင်ရာမှာတော့ အများကြီး ထိခိုက်ဒဏ်ရာတွေ ရခဲ့တာပေါ့နော်။ သင်တန်းရောက်တဲ့အခါမှာ မွမ်းမံအဆင့်ခါကျတော့ ပိုပြီးတော့မှ ကြမ်းတမ်းတယ်။ ယောကျ်ားလေးတွေရှိတော့ အကုန်လုံးနဲ့ တန်းတူလိုက်ပြီးလုပ်ရတယ်။ ခဏကိုယ်ပိုင်းမှကျတော့ အမျိုးသမီးတွေက သူတို့ရဲ့ ရာသီလာတဲ့ အချိန်ဆိုရင်လည်း ကျွဲလူးအိုင်ထဲ ရေဆိုရင်လည်း ခါးလောက်ရှိတယ်။ ကျွဲလူးအိုင်ထဲကို ဆင်းတာတို့ ပိုးမွှားတွေ ကိုက်တာတို့၊ အဲကနေပြီးမှ ဖျားနာကြတာ။ အဲဒါက ရုပ်ပိုင်းဆိုင်ရာမှာ ဒါတွေ ဖြစ်လာတော့ စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်လာတယ်။ အဲကနေပြီးတော့မှ ငါသာ မိန်းကလေး မဟုတ်ဘူးဆိုရင် ဒီထက်ပိုပြီးလုပ်နိုင်မှာပဲ ဒီထက်ပိုပြီး သန်မာချင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့လည်း ကြုံတွေ့ရတယ်ပေါ့။ ”

သူတို့တွေအနေနဲ့ သင်တန်းပြီးလို့ သက်ဆိုင်ရာ နယ်မြေမှာ တာဝန်ထမ်းဆောင်နေပြီဖြစ်ပေမယ့် အဓိက စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ဖို့ နောက်ထပ်လူအင်အားတွေ လက်နက်အင်အားတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

လက်နက်တွေမ လုံလောက်တဲ့အခါမှာ အမျိုးသားတွေကသာ ရှေ့တန်းမှာ လက်နက်ကိုင်‌ခွင့်ရပြီး အမျိုးသမီးတွေကတော့ ထောက်ပို့တို့၊ စာပို့၊ ရုံးလုပ်ငန်း အစရှိတဲ့ လက်နက်မကိုင်ရတဲ့ နေရာတွေမှာသာ တာဝန်ထမ်းဆောင်နေကြရပါတယ်။

ဒီလိုအခက်အခဲတွေ ရှိနေပေမယ့်လည်း အာဏာရှင်ကို မပြုတ်မချင်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဇူဇမ်က ပြောပါတယ်။“ကျနော့်တယောက်အနေနဲ့ မျှော်လင့်ထားတာကတော့ ဒီမိစ္ဆာကြီးကို ကျနော်တို့ နှင်ထုတ်တဲ့ တနေ့အထိတော့ ကျနော်တို့ ဒီလမ်းစဉ်ကို ဆက်သွားနေဦးမှာပဲပေါ့နော်။ ဒီမိစ္ဆာကြီးကို ကျနော်တို့ မနှင်ထုတ်နိုင်သရွေ့ကတော့ ဒီတိုင်းနေရင်လည်း ကျနော်တို့အတွက် လုံခြုံမှာမဟုတ်ဘူးပေါ့နော်။ ဆိုတော့ ရတဲ့နည်းလမ်းကနေ ရတဲ့ဘက်ကနေ ကျနော်တို့ ဒီမိစ္ဆာကြီး နှင်ထုတ်ပြီးတဲ့တနေ့ကျရင် ကျနော်တို့ရဲ့ အိပ်မက်တွေ၊ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေ၊ ကျနော်တို့ရဲ့ ဝါသနာလေးတွေကို အကောင်အထည်ဖော်ချင်တယ်ပေါ့နော်။ ဒီအာဏာရှင်ကြီး မပြီးဆုံးသရွေ့ ဒီအာဏာရှင်ကြီး မကျဆုံးသေးရွေ့ တော့ ကျနော်တို့ ဒီလမ်းစဉ်ကို ဆက်လျှောက်ဦးမှာပဲ။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up