အောင်လံမြို့နယ်တွင် ဒေသခံရွာသား ၂ ယောက်ကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရေပေါ်ရွာမှာ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက  စစ်တပ်က ဒေသခံပြည်သူ နှစ်ယောက်ကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အုပ်စုအင်အား ၆၀ လောက်ဟာ ဒီနေ့မနက် ၆ နာရီလောက်ကစလို့ စစ်ကားအသေး ၂စီး၊ ဖောကား ၃ စီးနဲ့ ကျေးရွာသုံးရွာကို ဝင်ရောက်မွှေနှောက်ပြီးတော့ ရေပေါ်ရွာက ကြက်မွေးမြူတဲ့ ကိုဝင်းမင်းထိုက်နဲ့ ယာခင်းထဲကို ဆေးဖြန်းဖို့သွားတဲ့ ကုလား(ခ)ကိုသန်းထွန်းတို့ကို ရိုက်နှက် ဖမ်းဆီးသွားတာလို့ ရွာခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ရေပေါ်ကျေးရွာ၊ စမ်းကလေးကျေးရွာ၊ ဖိုကိုးလုံးကျေးရွာတွေက နေအိမ်တံခါးတွေကိုလည်း ရိုက်ချိုးဖျက်ဆီးပြီး အိမ်တွေကို မွှေနှောက်ကာ ပစ္စည်းတွေကို ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။

မြေထဲ-PDF စခန်းငယ်တစ်ခုကို ဝင်စီးတဲ့ အောက်တိုဘာ ၂၁ ရက်ကစပြီး ဖိုကိုးလုံးကျေးရွာမှာ စစ်တပ်က အင်အား ၃၀ လောက်နဲ့ တပ်စွဲထားသလို အဲဒီကျေးရွာ သုံးရွာစလုံးမှာ ကင်းပုန်းတွေ ချထားတာဖြစ်ပါတယ်။

“မြေထဲ-PDF စခန်းသေး တဲလေး နှစ်လုံးနဲ့ လက်နက်အနည်းငယ်ဖမ်းမိသွားတာကို စစ်အုပ်စုတွေက အကြမ်းဖက်စစ်အုပ်စုတွေက ဒေသခံကျေးရွာတွေကို ပိုက်စိပ်တိုက်မွှေနှောက်ဖမ်းဆီး နှိပ်စက်နေ တာကတော့ တော်တော်တရားလွန်နေပြီ။ လက်နက်အပြည့်အစုံနဲ့သာ ရောက်လာလို့ကတော့ အမြစ်ပြတ်ချေမှုန်းပစ်မယ်”လို့  မြေထဲ-PDF ခေါင်းဆောင်က ပြောပါတယ်။

စစ်တပ်က သေနတ်တွေပစ်ဖောက် မွှေနှောက်ဖမ်းဆီးတာတွေကြောင့် ဒေသခံကျေးရွာ ၃ ရွာက ပြည်သူ ၁၀၀၀ နီးပါးလောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

More News
Up