တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာရှိနေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာကို အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းမှာ စစ်တပ်ကဝင်ရောက်လာပြီး  လူမရှိတော့တဲ့ နေအိမ်တွေကို ထပ်မံမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရွာထဲတပ်စွဲထားတော့ အတိအကျတော့မသိရသေးပေမယ့် နေအိမ် ၁၀ လုံးလောက် မီးရှို့ခံရ တယ်လို့ပြောကြတယ်။ ကာပေါင်းကျဘုန်းကြီးကျောင်းကို တပ်စွဲထားတာဆိုတော့ ဘုန်းကြီးတွေပါ ရှောင်တိမ်းနေကြရတာ။ ရွာထဲမှာလည်း လူက တစ်ယောက်မှ မရှိတော့ဘူး။ တိမ်းရှောင်နေကြရ တာ တပတ်ရှိသွားပြီ"လို့ ဒေသခံကပြောပါတယ်။

ကာပေါင်းကျကျေးရွာမှာ စစ်တပ်က  အောက်တိုဘာ ၁၇ ရက်က စတင်တပ်စွဲခဲ့တာဖြစ်လို့ ဒေသခံရွာသားတွေဟာ အိမ်မွေးတိရစ္ဆာန်တွေ ပြစ်ထားခဲ့ပြီး ထွက်ပြေးကြရလို့   ကျွဲ၊ နွား၊ ကြက် ဝက် စတဲ့ တိရစ္ဆာန်တွေဟာ စစ်တပ်က သတ်စားလို့ သေဆုံးကုန်သလို အစာငတ်သေဆုံးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကာပေါင်းကျကျေးရွာကို စစ်တပ်ဝင်ရောက်မွှေနှောက်တာ ၉ ကြိမ်ရှိသွားပြီဖြစ်ပြီး ဩဂုတ် ၂၆ ရက်က စတင်မီးရှို့ခံခဲ့ရကာ ပြည်သူတွေနဲ့ အိမ်မွေး တိရစ္ဆာန်တွေကိုလည်း ပစ်သတ်ပြီး နေအိမ် တချို့မီးရှို့ခံခဲရသလို ကျီကုန်းကျေးရွာကိုလည်း စက်တင်ဘာ ၂၄ နဲ့ ၂၅ ရက်တွေက နှစ်ရက်ဆက်တိုက်မီးရှို့ခဲ့လို့ နေအိမ် ၂၃ လုံးမီးလောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။

ယနေ့ မီးရှို့ခံ ရပုံ (Photo-‌ ဒေသခံ)

More News
Up