ကေအန်ယူစစ်ဆေးရေးဂိတ်နှင့် လူနေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး



မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ် နယ်နိမိတ်အနီးက ကေအန်ယူ တပ်မဟာ ၁ စစ်ဆေးရေးဂိတ်နဲ့ လူနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာလ ၂၁ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၆နဲ့ ဘီဂျီအက်ဖ် ပူးပေါင်းစစ်ကြောင်းဟာ လေးကေ-ဝင်းတာပန်ကနေ ပိန္နဲတောအပြန် ကေအန်အယ်လ်အေရဲ့ စစ်ဆေးရေးဂိတ်နဲ့ ဒေသခံ ထီးမော့ကျေးရွာ နော်အက်ဖော့ရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
ထီးမော့ကျေးရွာသား တစ်ဦးက “သူတို့ မီးရှို့သွားတဲ့အချိန်က ကေအန်ယူလုံခြုံရေးတွေက နေရာရွှေ့သွားပြီ။ လူမရှိတော့ မီးရှို့သွားတယ်။ နောက် ထီးမော့ရွာက ဒေသခံအိမ်တစ်လုံးကိုပါ မီးရှို့သွားတယ်။ အိမ်ပေါ်မှာရှိတဲ့ ပစ္စည်းအကုန်လုံးပါသွားတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီပူးပေါင်းစစ်ကြောင်းနဲ့ တပ်မဟာ ၁ ကေအန်အယ်လ်အေ တပ်ဖွဲ့တို့ ဘီးလင်း-သထုံ ကားမဲစစ်ဆေးရေးဂိတ်နဲ့ လားခိုးအနီးမှာ တစ်ကြိမ်စီ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က ၄ ယောက်သေဆုံးပြီး ၅ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို တိုက်ပွဲဖြစ်ပွားပြီးမှသာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ခဲ့ရတယ်လို့ ကားမဲကျေးရွာ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ကေအန်ယူ ထိန်းချုပ်နယ်မြေတွေအတွင်းကို လူအင်အား၊ လက်နက်ခဲယမ်းအင်အား ဖြည့်တင်းပြီး ကျူးကျော်ဝင်ရောက်လာတဲ့အတွက် ကေအန်ယူတပ်ဖွဲ့နဲ့ နေ့စဥ်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။