ကြမ်းတမ်းနေသေးသော ရခိုင်စစ်ရှောင်များ၏ အိမ်ပြန်ခရီး

သေနတ်သံတွေ၊ဗုံးသံတွေဟာ ရွာနဲ့နီးလာတာကြောင့် အသက်လုပြေးခဲ့ရတဲ့အချိန်ကစပြီး စွန့်ခွာထားခဲ့ရသည့် အိမ်လေးဆီသို့ ဒေါ်သန်းနုတစ်ယောက် နှစ်နှစ်ကျော်အတွင်း ပထမဆုံးပြန်အခြေချနိုင်ခဲ့သည်။

နှစ်နဲ့ချီနေခဲ့ရသည့် စစ်ဘေးဒုက္ခသည်စခန်းမှ အိမ်ပြန်ရောက်၍ ဝမ်းသာပီတိဖြစ်ရသော်လည်း သူ့မှာအပြည့်အဝ မပျော်နိုင်ရှာ။ လပေါင်းများစွာလူမနေထိုင်ခဲ့သဖြင့် ယိမ်းယိုင်နေပြီဖြစ်သော ဓနိမိုး၊ ဝါးထရံကာ နေအိမ်လေးက ဒေါ်သန်းနုကို ကြိုဆိုနေသည်။ အိမ်ကခြံစည်းရိုးမရှိတော့သလို အိမ်ခေါင်မိုးနှင့်အိမ်အကာထရံမှာလည်း ပေါက်ပြဲပျက်စီး နေလေပြီ။

သွေးရင်းဆွေမျိုးများက အဝေးရောက်နေသည့် တစ်ကိုယ်တည်းသမားဖြစ်တာကြောင့် အိမ်ပြန်ရောက်သော်လည်း ရှေ့ဆက်ဘဝရပ်တည်ရေး အတွက် ရုန်းကန်လှုပ်ရှားရအုံးမည်ဟု သူကပြောသည်။

အသက် ၅၀ကျော်အရွယ် ဒေါ်သန်းနုသည် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူဖြစ်ပြီး ဘူးသီးတောင်မြို့ လမ်းမစစ်ဘေးရှောင်စခန်းမှာ နှစ်နှစ်ကျော်ကြာ နေထိုင်နေရသည်။ ယင်းနောက် သူ၏မူလနေထိုင်ရာ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာသို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ပြန်လည် နေထိုင်ခဲ့သူဖြစ်သည်။

ဒေါ်သန်းနု ကဲ့သို့ပင်ရခိုင်ပြည်နယ်မှ လူဦးရေတစ်သိန်းခွဲခန့်သည်လည်း စစ်ကြောင့် အိုးပစ်အိမ်ပစ်နှင့် အတိဒုက္ခ ရောက်ခဲ့ကြရသည်။

၂၀၁၉ ၊ မတ်လက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေါ်သန်းနုအပါအဝင် စေတီတောင်ကျေးရွာသား(၁၂၀၀)ကျော်မှာ ဘူးသီးတောင်မြို့ပေါ်ရှိ လမ်း၊မြတောင်၊ ရန်အောင်မြေနှင့်မြောင်းနား စစ်ဘေးရှောင် စခန်းသို့ ဒုက္ခသည်ဘဝဖြင့် လာရောက်ခိုလှုံခဲ့ရပြီး တိုက်ပွဲများ ငြိမ်သက်နေချိန်တွင် နေရပ်ပြန်ခဲ့ကြခြင်းဖြစ်သည်။

ဒေါ်သန်းနုမှာ သူ့ဘဝတွက်ကျန်ရှိနေသေးသော အချိန်များကို ဇာတိရွာစေတီတောင်တွင် အေးအေးချမ်းချမ်းဖြင့် ကုန်ဆုံးချင်သော်လည်း နောက်ထပ် တိုက်ပွဲများပြန်ဖြစ်မည်ကို စိုးရိမ်နေဆဲဖြစ်သည်ဟု ဖွင့်ဟသည်။ ထို့အပြင် ရွာတွင် လတ်တလော ဖြေရှင်းရမည့် စားဝတ်နေရေးအခက်အခဲမှာလည်း သူ့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်ဟု ပြောသည်။

အကူအညီများကလည်း စစ်ဘေးရှောင်စခန်းရှိ မိသားစုဝင်များအတွက်သာ ဦးစားပေးကူညီနေကြပြီး နေရပ်ပြန်သူများ၏ စားနပ်ရိက္ခာအပါအဝင်၊ ဘဝထူထောင်ရေးအတွက် ကူညီထောက်ပံ့ခြင်း၊ အလုပ်အကိုင်ဖန်တီး ပေးခြင်းများ မရှိသဖြင့် ရွာပြန်မိသားစုဝင်များမှာ ကိုယ့်အားကိုယ်ကိုး လုပ်ကိုင်စားသောက်နေကြရသည်။

“ရွာပြန်ရောက်တော့ စစ်ရှောင်စခန်းကပါလာတဲ့ ဆန်နည်းနည်းနဲ့ စားသောက်ရေးကို ဖြေရှင်းတယ်။ နောက်တော့ ကောက်ညှင်းပေါင်း ရောင်းပြီး ဆန်ဝယ်ဖို့ငွေရှာတယ်”ဟု တကိုယ်တည်းသမား ဒေါ်သန်းနုက ပြောသည်။

ဒေါ်သန်းနုကဲ့သို့ပင် ဘူးသီးတောင်မြို့ မြောင်းနားစစ်ဘေးရှောင်စခန်းမှ ကျောက်စာတိုင်ကျေးရွာသို့ နေရပ်ပြန်လာခဲ့သူ သားသမီးနှစ်ဦး၏မိခင် အသက် ၃၀ ကျော်အရွယ် မသန်းလှမှာလည်း မိသားစုအတွက် ကြုံရာကျဘန်းအလုပ်ဖြင့် ဘဝကို ရပ်တည်နေသည်။ သူ၏ခင်ပွန်းမှာ နိုင်ငံခြားသို့ အလုပ်သွားလုပ်နေသူဖြစ်ပြီး အဆက်သွယ်ပြတ်နေခဲ့သည်မှာ လေးနှစ်ခန့်ရှိပြီဟုဆိုသည်။

“သူများတွေ နေရပ်ပြန်တော့ ကိုယ်လည်းပြန်ချင်တယ်လေ။ စစ်ရှောင်စခန်းဆိုတာက တစ်သက်လုံးနေလို့ရတာ မဟုတ်ဘူး။ ရွာရောက်ရင် အဆင်ပြေသလို လုပ်ကိုင်စားသောက်မယ်ဆိုပြီး ပြန်လာခဲ့တာ” ဟု မသန်းလှ ကပြောသည်။

ရွာကိုပြန်ရောက်ခဲ့သည့်အချိန်သြဂုတ်လမှ လက်ရှိအချိန်ထိ နှစ်လကျော်ကာလတွင် မယ်မယ်ရရ အလုပ်မရှိသေးဘဲ သူပိုင်ဆိုင်သော လယ်နှစ်ဧကသည်လဲ စိုက်ပျိုးရန် မသန်းလှ တစ်ယောက် အချိန်မမှီလိုက်ရှာပေ။

စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူများကို ပြည်တွင်းပြည်ပအကူညီပေးရေးအဖွဲ့များနှင့် ဒေသတွင်း လူမှုရေးအဖွဲ့များမှ စားနပ်ရိက္ခာထောက်ပံ့မှုများရှိနေပြီး နေရပ်ပြန်သွားသူများမှာ အဆိုပါ အထောက်အပံ့ကို မရသည့်အတွက် တစ်ချို့စစ်ဘေးရှောင်များမှာ နေရပ်မပြန်လိုမှုများရှိနေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ တစ်ချို့က ပြောသည်။

သို့သော် သားသမီးနှစ်ဦး၏ မိခင်ဖြစ်သူ မသန်းလှမှာ အကူညီပေးရေးအဖွဲ့များ၏ ထောက်ပံ့မှုကို အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးရန် ရဲရဲဝံ့ဝံ့ အိမ်ပြန်ခဲ့သည်။

“ရွာပြန်ချိန်က ဩဂုတ်လဆိုတော့ စပါးစိုက်ချိန်က လွန်သွားပြီ။ ကိုယ့်မှာလယ်ရှိပေမယ့် မစိုက်ပျိုးလိုက်ရဘူး။ အဲဒါနဲ့ မြို့ပေါ်တက်ပြီး ဟင်းသီးဟင်းရွက်တွေရောင်းဖြစ်နေတယ်”ဟု လက်ရှိသူ့မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေပုံကို ပြောသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် သားကောင်ဖြစ်ခဲ့ရသော အရပ်သားများမှာ တိုက်ပွဲရှောင်စခန်းများတွင်လည်း စားနပ်ရိက္ခာများ လုံလောက်စွာမရခြင်း၊ သေးငယ်သော အခန်းများတွင် ကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်ရခြင်းတို့ကြောင့် နေရပ်ပြန်ရန် ဆန္ဒပြင်းပြနေကြသည်ဟုသိရသည်။

နေရပ်ပြန်ခဲ့ကြသော ဘူးသီးတောင်မြို့နယ်မှ စစ်ဘေးရှောင်များ/ဓါတ်ပုံ – သန့်ရှင်းထွန်း

ယင်းသို့နေရပ်ပြန်ရန် ဆန္ဒပြင်းပြနေသူများထဲတွင် ကျေးရွာများ၌ နေအိမ်များ မီးရှို့မခံရဘဲ ရွာရောက်လျင် နေထိုင်ရန် အိမ်ရှိနေသူများဖြစ်ပြီး မီးရှို့ခံရ၍ နေစရာအိမ်မရှိသူများမှာ နေရပ်ပြန်ချင်သော်လည်း မပြန်နိုင်ဖြစ်နေကြသည်။

စစ်ဘေးရှောင်များနှင့် ပတ်သက်၍ စာရင်းအချက်အလက်ကောက်ယူနေသော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး(REC)၏ စာရင်းအရ ရခိုင်ရှိစစ်ဘေးရှောင်ဦးရေ တစ်သောင်းခွဲခန့်မှာ နေရပ်ပြန်သွားကြပြီဟု ဖော်ပြထားပြီး လက်ရှိ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ရှစ်သောင်းခန့် ခိုလှုံနေရဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ဘေးရှောင်စခန်းမှ နေရပ်ပြန်လာသူများမှာ လတ်တလော လုပ်ကိုင်စားသောက်ရန် အလုပ်မရှိဖြစ်နေခြင်းကြောင့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရခြင်းထက် အခြေနေပိုဆိုးနေသည်ဟု နေရပ်ပြန်ခဲ့သည့် မိသားစုဝင်တစ်ချို့က ပြောသည်။

စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူများသည် တစ်နေ့လျှင် လူတစ်ဦးကိုဆန်နှစ်ဗူးစီ အထောက်အပံ့ရနေခဲ့ပြီး လူသုံးကုန်တစ်ချို့ကို နိုင်ငံတကာကူညီထောက်ပံ့ပေးရေးအဖွဲ့တစ်ချို့နှင့် ဒေသတွင်း လူမှုကူညီရေးအဖွဲ့တစ်ချို့က ထောက်ပံ့ပေးမှုများ ရှိနေသည်။ သို့သော် နေရပ်ပြန်သွားသည့် မိသားစုများကိုမူ မည်သည့်ထောက်ပံ့မှုမှ မပေးတော့ဟု နေရပ်ပြန်မိသားစုများက ပြောသည်။

“ရွာမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို ကြောက်လန့်နေရတယ်။ မိုင်းကြောင့် လယ်ထဲကိုလည်း မသွားရဲသလို တောင်ကိုလည်း မတက်ရဲဘူး” ဟု ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာက နေရပ်ပြန်ခဲ့သူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်စခန်းမှ နေရပ်ပြန်လျင် အဓိက ကြုံတွေ့ရမည့် စိန်ခေါ်မှုများမှာ စားသောက်ရေး၊ နေရာထိုင်ခင်း (မီးရှို့ခံရွာများအတွက်)၊ အလုပ်အကိုင်နှင့် မြေမြုပ်မိုင်းအန္တရာယ်ဖြစ်သည်ဟု စစ်ဘေးရှောင်အများစုက ပြောသည်။

နေရပ်ပြန်များအတွက် အလုပ်အကိုင် ဖန်တီးပေးမှုမရှိမှုနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းတွင် ဖွင့်လှစ်ထားသော အပ်ချုပ်သင်တန်းကို တက်ရောက်ခဲ့သူ မမေဦးက “ရွာရောက်ရင် ကိုယ်တတ်ထားတဲ့ အပ်ချုပ်ပညာနဲ့တောင် အဆင်မပြေနိုင်ဘူး”ဟု ပြောသည်။

ကာလကြာရှည် ပြည်တွင်းစစ်ဖြစ်နေသော မြန်မာနိုင်ငံတွင် စစ်၏ဆိုးကျိုးများကို အမျိုးသမီးများနှင့် ကလေးငယ်များ က ပိုမိုထိခိုက်ခံစားနေရသည်ဟု ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားဟောင်း ဦးအောင်သောင်းရွှေ ကပြောသည်။

နေရပ်စွန့်ခွာထွက်ပြေးရသူများကာကွယ်ရေးဆိုင်ရာ ဥပဒေတစ်ရပ်မရှိခြင်းကြောင့် ရပ်ရွာကိုစွန့်ခွာထွက်ပြေးရသူများနှင့် နေရပ်ပြန်သူများအတွက် ဘဝပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များမှာ စနစ်ကျမှုမရှိဖြစ်နေသည်ဟု ၎င်းကထောက်ပြ ပြောဆိုသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး(REC)၏ အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက နေရပ်ပြန်သူများအတွက် စားနပ်ရိက္ခာထက် ၎င်းတို့ရှင်သန်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်း၊ စိုက်ပျိုး ရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးသင့်သည်ဟု အကြံပြုပြောဆိုသည်။

“နေရပ်ပြန်သူတွေ ပုံမှန်အနေအထားရောက်ဖို့ အစိုးရ(လက်ရှိစစ်ကောင်စီ)က အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးဖို့ လိုတယ်” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

ထို့အပြင် မိသားစုတစ်စုတွင် အလုပ်လုပ်နိုင်သည့် အမျိုးသားများရှိနေသည့် မိသားစုထက် တစ်ကိုယ်တည်းနေထိုင်သည့် အမျိုးသမီးများ၊ လင်ယောကျ်ားမရှိဘဲ သားသမီးများကို တကိုယ်တည်းပြုစုနေရသည့် အမျိုးသမီးများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သင့်သည်ဟု ရခိုင်အခြေစိုက် Woman Generation အဖွဲ့က ဒါရိုက်တာ ဒေါ်ခင်မြင့်ဇော် ကပြောသည်။

သို့သော် စစ်ဘေးရှောင်စခန်းများမှ နေရပ်ပြန်သည့် မိသားစုဝင်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နေရပ်ပြန်မည့်စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပေးမှုကို ယခင်ထက်လျော့၍ ပေးမည်ဟု အောက်တိုဘာ ၄ ရက်က ရခိုင်အခြေစိုက် Western News သတင်းဌာနကို ပြောကြားထားသည်။

ယခင်က နေရပ်ပြန်သည့် စစ်ဘေးရှောင်မိသားစုတစ်စုလျှင် ငွေကျပ်ငါးသိန်း၊ ဆန်တစ်လစာနှင့် သွားလာရေး စရိတ်များကို ထောက်ပံ့ပေးခဲ့သော်လည်း လက်ရှိငွေကြေးအခက်အခဲကြောင့် ယခင်ထက်လျော့၍ ပေးမည်ဟု ပြောကြားခဲ့သည်။

စစ်ဘေးရှောင်စခန်းများက မိသားစုဝင်များကို နေရပ်ပြန်ရန်သာ တိုက်တွန်းပြောဆိုမှုများရှိနေပြီး နေရပ်ပြန်ရေးအတွက် ဆောင်ရွက်ပေးသင့်သည့် မိုင်းရှင်းလင်းရေးကိစ္စ၊ တပ်စွဲထားမှုများ ပြန်လည်ရုပ်သိမ်းရေးကိစ္စနှင့် ပြန်လည်ထူထောင်ရေး စသည့်လုပ်ငန်းများအတွက် မူဝါဒမရှိဖြစ်နေသည်ဟု လွှတ်တော်ကိုယ်စားဟောင်း တစ်ဦးက ထောက်ပြသည်။

သို့သော် စစ်ဘေးရှောင်စခန်းတွင် အနေအထိုင်၊ အစားအသောက်အခက်အခဲတစ်ချို့နှင့် စိတ်ကျဉ်းကျပ်မှုများစွာဖြင့် နေထိုင်ရခြင်းထက် ကိုယ့်အိမ်ကိုယ့်ရာတွင် နေထိုင်ရခြင်းက စစ်ဘေးရှောင်များစိတ်ကို ပိုမိုပျော်ရွှင်စေကြောင်း ဒေါ်သန်းနု၏ အောက်ဖော်ပြစကားက သက်သေပြလို့နေသည်။

တကိုယ်တည်းသမားဒေါ်သန်းနုက “ရွာကအိမ်နဲ့ စစ်ရှောင်စခန်းမှာ နေရတဲ့အခန်းက တူတူလောက်ပဲဆိုပေမယ့် ဘယ်သူမဆို ကိုယ့်အိမ်ကိုယ့်ရာမှာ ပျော်ကြတယ်”ဟု ဆိုသည်။

သန့်ရှင်းထွန်း

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up