Home
မြန်မာသတင်း
ကွန်ဂိုနိုင်ငံတွင် လုပ်အားခမရသည့် အလုပ်သမားများက ဆိပ်ကမ်းရုံးချုပ်ကို မီးရှို့ ဖျက်ဆီး
DVB
·
October 23, 2021

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံပိုင် ဆိပ်ကမ်းများကုမ္ပဏီမှ ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ အောက်တိုဘာ ၂၂ ရက်က သူတို့ရဲ့ရုံးချုပ်ကို ဝင်ရောက်စီးနင်းပြီး ပြတင်းပေါက်တွေကို ချိုးဖျက်ဖောက်ထွင်း၊ ပရိဘောဂတွေကို မီးရှို့ဖျက်ဆီးကြလို့ ရဲတွေနဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။

အလုပ်သမားတွေဟာ သူတို့လုပ်ခလစာ မရတာ ၃ နှစ်ကျော်လောက် ရှိနေပြီလို့ ရဲတွေကို ပြောဆိုပါတယ်။ 

မြို့တော် ကင်ရှာဆာရှိ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအသင်း (SCPT) ဝင် အလုပ်သမားတွေဟာ သူတို့ရုံးရှေ့လှေကားထစ်တွေပေါ်မှာ မီးလောင်နေတဲ့ ပရိဘောဂ အပုံနားမှာ ကခုန်နေကြပြီး အရာရှိတွေကိုလည်း ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြတာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ခဲ့ပါတယ်။  ဒီပဋိပက္ခမှာ ထိခိုက်ဒဏ်ရာရသူ ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

အလုပ်သမားတွေဟာ အောက်တိုဘာ ၁၅ ရက်ကတည်းက ဆန္ဒပြခဲ့ကြတာဖြစ်ပြီး သူတို့ ပြောတာကတော့ အစိုးရက ကုမ္ပဏီကို အာဖရိကသုံးငွေ ဖရန့်စ်  ၂၀၇ သန်း အကြွေးတင်နေပြီး ဒါကြောင့် သူတို့ကို ၃ နှစ်ကျော်အတွင်း လစာ မပေးကြဘူး လို့ ဆိုပါတယ်။ 

“ကွန်ဂိုအစိုးရက ကျနော်တို့ကို  ၂၀၇  သန်း ပေးသင့်နေပြီး ကျနော်တို့ဟာ အနည်းဆုံး ၃၂ လလောက် လုပ်ခမယူရသေးဘူး လို့ ဆန္ဒပြအလုပ်သမား တယောက်က ပြောပါတယ်။ အေးဂျင့်အဟောင်းတွေအတွက်တော့ ဒါ ၄၂  လ ရှိနေပြီဆိုတာ ရှင်းပြလို့ကို မရဘူးလို့လည်း ဆိုပါတယ်။ 

အလုပ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ကွန်ဂိုဘဏ္ဍာရေး ဝန်ကြီးဌာနထံကနေ မှတ်ချက်တောင်းဖို့  ချက်ချင်းဆက်သွယ်လို့ မရ သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024