တရားလို စစ်ကောင်စီဘက်က ထွက်ဆိုချက် ရှေ့နောက်မညီဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

အဂတိအမှု လေးခုအတွက် တရားလိုစစ်ကောင်စီဘက်က တရားရုံးမှာ ထွက်ဆိုချက်တွေဟာ ရှေ့နောက်မညီဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေအဖွဲ့ကို အသိပေး ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ သုံးဦးကို စစ်ကောင်စီက မန္တလေးတိုင်း တရားလွှတ်တော်မှာစွဲခဲ့တဲ့ အဂတိအမှု လေးခုကို နေပြည်တော်မှာ အောက်တိုဘာ ၂၂ ရက်နေ့က ဆက်လက်စစ်ဆေးခဲ့ပါတယ်။ မနေ့က ရုံးချိန်းမှာ တရားလိုဘက်က သက်သေတင်သွင်းတာကို လက်ခံကြောင်း တရားရုံးက ကြားဖြတ်အမိန့်ချခဲ့ပါတယ်။
အမိန့်ချအပြီးမှာ ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဒေါ်အောင်ဆန်းစုကြည်အတွက်၊ ရှေ့နေ ဦးသန်းလှိုင်က ဒေါက်တာမျိုးအောင်အတွက်၊ ဦးကျော်စိန်လွင်က ဦးရဲမင်းဦးအတွက် တရားလိုကို အပြန်အလှန် မေးခွန်းမေးခဲ့ပါတယ်။
အဂတိအမှု လေးခုစလုံးကို စစ်ကောင်စီကိုယ်စား ဦးရဲထက် တစ်ယောက်တည်းက တရားလိုအဖြစ် စွဲထားတာဖြစ်ပြီး မနေ့က ရုံးချိန်းမှာ ဦးရဲထက်ကို နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေအဖွဲ့က အပြန်အလှန်မေးခွန်းတွေ မေးခဲ့တာဖြစ်ပါတယ်။
ဦးရဲထက်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး တရားခွင်မှာ ထွက်ဆိုချက်တွေဟာ ရှေ့နောက်မညီဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့ကို အသိပေးပြောဆိုပါတယ်။
ရှေ့နေဦးသန်းလှိုင်က “ဦးကျော်စိန်လွင်ကို ခေါ်ပြောလိုက်တာဗျ။ ကျနော်က တဆင့်ကြားပေါ့။ တရားလိုကို ဒေါ်စန်းမာလာညွန့် မေးတယ်။ ကျနော် မေးတယ်။ ပြီးတော့ ဦးကျော်စိန်လွင် မေးတယ်။ မေးတဲ့အခါမှာ ရှေ့က ထွက်ချက်တွေနဲ့ နောက်ထွက်ချက်တွေက တချို့ဟာတွေက နည်းနည်းလေးကွဲလွဲတဲ့သဘော ဖြစ်နေတယ်။ အဲဒါကို အန်တီ(ဒေါ်အောင်ဆန်းစုကြည်) က ပြောတာလို့ ကျနော် သိလိုက်တယ်။ ရှေ့ကမေးခွန်းတုန်းက ထွက်တဲ့ဟာနဲ့ ဦးကျော်စိန်လွင် မေးတဲ့မေးခွန်းကို ဖြေတဲ့အခါမှာ နည်းနည်းကွဲလွဲတဲ့သဘော ဖြစ်နေတယ်” လို့ ပြောပါတယ်။
တရားလိုရဲ့ ထွက်ဆိုချက်မှာ ဘာတွေကွဲလွဲနေတယ်ဆိုတာကိုတော့ အသေးစိတ် မသိရပါဘူး။
တရားလို ဦးရဲထက်ကတော့ တရားခွင်မှာ စာအုပ်ကို အမြဲတမ်းကြည့်ပြီး အစအဆုံးထွက်ဆိုတာဟာ သက်သေခံပုဒ်မ ၁၅၉ နဲ့ ညီညွတ်မှုမရှိသလို သက်သေခံကျင့်ထုံးပုဒ်မ ၁၅၄ နဲ့လည်း ညီညွတ်မှုမရှိဘူးလို့ ရှေ့နေတွေက ပြောပါတယ်။
ရှေ့နေ ဦးသန်းလှိုင်နဲ့ ရှေ့နေဦးကျော်စိန်လွင်တို့ဟာ အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး နိုင်ငံ့ခေါင်းဆောင်တွေအတွက် ပါဝါတင်ပြီး ရှေ့နေလိုက်ပေးသူတွေ ဖြစ်ပါတယ်။
ရှေ့နေဦးသန်းလှိုင် “အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်အတွက် လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေက ဆရာဦးခင်မောင်ဇော်၊ ဆရာဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်၊ ဦးသဲမောင်မောင်၊ ဒေါ်မင်းမင်းစိုး စုစုပေါင်း ၅ ယောက် ရှိတာပေါ့။ ကျနော်တို့က မနေ့က အန်တီ့(ဒေါ်အောင်ဆန်းစုကြည်)ဆီက ခွင့်ပြုချက်တောင်းပြီးတော့ ကျနော်နဲ့ ဦးကျော်စိန်လွင် ရှေ့နေ ၂ ယောက်ကို ပါဝါထပ်တင်တာပေါ့။ မနေ့က အဲ့ဒါကို ပထမဆုံးဆောင်ရွက်တာ” လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၅၅ နဲ့ အမှု ၄ မှု ဖွင့်ခံထားရပြီး အမှုတမှုစီအတွက် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
အမှု ၄ မှုထဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို သုံးကြိမ်ခွဲယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တစ်မှုဖြစ်ပြီး ကျန်တဲ့အမှု ၃ မှုကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စွဲဆိုထားတာ ဖြစ်ပါတယ်။
အဂတိအမှု လေးမှု အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုစုစုပေါင်း ၁၁ မှုအထိ ရှိနေပါတယ်။