ပဲခူးမြို့က အမျိုးသမီးတဦးကို အောက်တိုဘာ ၂၃ ရက် ဒီနေ့ မနက် ၁ နာရီလောက်မှာ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ပဲခူးမြို့၊ မှော်ကန် ၆ လမ်းထိပ်ရှိ ကျော်သူနိုင် ထုံးလုပ်ငန်းအိမ်က မခင်မျိုးလွင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ဧပြီလ ၉ ရက်နေ့တုန်းကလည်း မခင်မျိုးလွင်ရဲ့ ဦးလေးဖြစ်သူ ဦးဂျူဂျူးနဲ့ မောင်ဖြစ်သူ မောင်ကျော်စိုးအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး အခု ကျန်မိသားစုဝင်တွေပါ ပုဒ်မတွေတပ် လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်မရပြီးနောက် အကျဉ်းသားတွေနဲ့ ပုဒ်မ ၅၀၅ အမှုနဲ့ ဖမ်းဆီးတရားစွဲခံရသူ ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ လူ ၁၀၀၀ လောက်သာ ပြန်လွတ်လာပြီး ရာနဲ့ချီပြန်လည်ဖမ်းဆီးခဲ့ပါတယ်။