မွန်ပြည်နယ် ရေးမြို့၊ အစင်စံပြကျေးရွာမှာ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက လောင်းကစားကြက်ဝိုင်းတစ်ဝိုင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး လူ ၈ ဦးကို ဖမ်းဆီးကာ ဆိုင်ကယ် အစီး ၃၀ ကျော် သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
မြင်တွေ့ခဲ့သူ ဒေသခံက "ကြက်ဝိုင်းတစ်ဝိုင်းကို ဝင်ဖမ်းတာ။ လူ ၈ ယောက်ပါသွားတယ်။ ဆိုင်ကယ်ကို ကားတွေနဲ့ တင်သွားတာ။ အစီး ၃၀ ကျော်လောက်ပါသွားတယ်" လို့ ပြောပါတယ်။
ရေးမြို့မှာ လောင်းကစား ကြက်ဝိုင်းတွေက နေ့စဉ်ရှိနေပြီး ပုံမှန်လူဦးရေ ၅၀ ကနေ ၁၀၀ ကြား ကစားနေကြတာလို့ သိရပါတယ်။
လောင်းကစားကြက်ဝိုင်းတွေအပြင် ဖဲဝိုင်းတွေပါရှိနေပြီး အရင်ရက်တွေက ဖဲဝိုင်းတစ်ခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေကို ငွေနဲ့ ပြန်ထုတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
ရေးမြို့မှာ စစ်ကောင်စီတပ်တွေက ညဘက် ဧည့်စာရင်းလိုက်စစ်ပြီး အိမ်ထောင်စုဇယား မရှိတဲ့ သူတွေကို တစ်လ တစ်ထောင်ကျပ် တောင်းနေတယ်လို့လည်း သိရပါတယ်။