ရေးမြို့ရှိ ဓမ္မပီယကျောင်းဘုရား စိန်ဖူးတော်ခိုးယူခံရ၊ ထီးတော်ပါ ပြိုကျပျက်စီး

မွန်ပြည်နယ်၊ ရေးမြို့၊ သိရီခေမာရပ်ကွက်ရှိ ဓမ္မပီယကျောင်းမှာ တည်ထားကိုးကွယ်ထားတဲ့ ဘုရားစေတီရဲ့ စိန်ဖူးတော် ခိုးယူမှုဖြစ်ပွားခဲ့ပြီး ဘုရားထီးတော်လည်း  ပြိုကျပျက်စီးသွား ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘုရားစိန်ဖူးတော်နဲ့ ထီးတော်တခုလုံးကို ကြိုးနဲ့ဆွဲချခိုးယူသွားတယ်။ (အောက်တိုဘာ ၂၁ ရက်)  ည ၇ နာရီခွဲလောက် အချိန်ဆိုတော့ ညဘက် ဘယ်သူ့မှ နေအိမ်အပြင်ဘက် မထွက်ရဲကြတဲ့အချိန်မှာ ဘုရားစိန်ဖူးကိုခိုးယူသွားတာ” လို့ ဒေသခံ တဦးက ပြောပါတယ်။

အရင်တုန်းကလည်း ရေးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှ တည်ထားတဲ့ ဘုရား စေတီ အနည်းဆုံး ၅ ဆူလောက်မှာ  ဘုရားစိန်ဖူးတော် ခိုးခံခဲ့ရဖူပြီး ယနေ့အထိ ဘုရားစိန်ဖူးကို ပြန်လည်မကပ်လှူနိုင်ကြသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရ အမိန့်ကို ယနေ့အထိ ထုတ်ပြန်ထားပြီး လုံခြုံရေးတွေကိုလည်း ညဘက်တွေမှာ  ပိုမိုတင်းကျပ်ထားကာ ဒေသခံပြည်သူတွေမှာ ည ၇ နာရီကျော်တာနဲ့ နေအိမ်ကနေ အပြင်မထွက်ရဲဘဲ နေထိုင်နေကြတာပါ။

စစ်တပ်တွေ လုံခြုံရေးတင်းကျပ်ထားချိန်မှာ အခုလို ဘုရားစိန်ဖူးတော် ခိုးယူတဲ့ သူခိုးတွေကို ယနေ့အထိ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

More News
Up