Live
Home
မြန်မာသတင်း
ရေဖြူမြို့နယ်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံး၊ ၅ ဦး ဖမ်းဆီးခံရ
DVB
·
October 22, 2021

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဖြူမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက်နေ့က  ဒလန်အဖြစ်သတ်မှတ်ခံရထားသူ ဦးမိုးဟိန်းကို DGRF အဖွဲ့က သုတ်သင်ရှင်းလင်းပြီးနောက် စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၀ ရက် ည ၁၀ နာရီလောက် အခင်းဖြစ်နေရာ အနီးအနားက အိမ်တွေကို ဝင်ရောက်ရှာဖွေပြီး အခုလို ပစ်သတ်ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

သားဖြစ်သူ PDF သင်တန်းတက်ရောက်နေတယ်ဆိုပြီး ဒလန်က သတင်းပေးတာကြောင့် လာရှာရာမှာ သားဖြစ်သူကို မတွေ့တဲ့အတွက် အသက် ၆၀ အရွယ် ဦးကြည်သိန်းကို နေအိမ်ပေါ်က ခေါ်ချပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ဦးကြည်သိန်းဟာ နိုင်ငံရေးနဲ့ ပတ်သတ်ဆက်နွှယ်မှုမရှိဘဲ ကျေးရွာတွင်း အေးအေးဆေး နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဦးကြည်သိန်းအား ပစ်သတ်ပြီးနောက်  အလောင်းကို ကားနဲ့ သယ်ယူသွားပြီး အောက်တိုဘာ ၂၁ ရက်နေ့က တပ်ဆေးရုံမှာ ငွေကျပ် ၅ သိန်းနဲ့ အလောင်းလာယူဖို့ အကြောင်းကြားခဲ့ပေမယ့် သွားမယူရဲကြဘူးလို့ ရွာခံတဦးက ပြောပါတယ်။

ရေဖြူမြို့နယ် (ဃ) ရပ်ကွက်က အန်အယ်လ်ဒီပါတီရုံး ခြံစည်းရိုးမှာလည်း ဒီနေ့မနက်ပိုင်းက စာရေးပြီး လူဦးခေါင်းပြတ်တခု လာချိပ်ထားတာ တွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၅၀ အရွယ်ဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာလည်း မသိရသေးပါဘူး။

ဓာတ်ပုံ- Y2SC

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024