PDF စခန်းကို ဝင်ရောက်စီးနင်းပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကံသုံးဆင့်ရွာ အနီးမှာ အောက်တိုဘာလ ၂၂ ရက် မနက်၄ နာရီဝန်းကျင်အချိန်က PDF စခန်းကို ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်သား ၁ေ ဦးထက်မနည်း ဒဏ်ရာရရတဲ့ အပြင် သေဆုံးတာလည်း ရှိနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်တွေဟာ အောက်တိုဘာ ၂၂ ရက် မနက် ၄ နာရီဝန်းကျင်က အရာတော်မြို့နယ် ကန်ရင်းတောင်တော နဲ့ ကန်ရင်းမြောက်တော တို့မှာရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်း ၂ ခုကို တပြိုင်နက်ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံ ၆ ဦးကိုလည်း ရိုက်နှက်နှိပ်စက်တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဒေသခံနေအိမ်တွေကနေ ရွှေထည်ပစ္စည်းတချို့၊ ကားတစ်စီး၊ ဆိုင်ကယ်၊ ငွေသား(၈)သိန်းကျော်၊ တန်ဖိုးရှိပစ္စည်းတချို့နဲ့ ဖမ်းဆီးထားတဲ့ လူငယ်တွေဆီက ဖုန်းတွေကို အဓမ္မသိမ်းဆည်းယူဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မုံရွာ - အရာတော်ကားလမ်းကို ကျန်းမာရေး အရေးကြီးကိစ္စကလွဲပြီး ဖြတ်သန်းသွားလာမပြုလုပ်ကြဖို့ မုံရွာမြို့ပြပြောက်ကျားတပ်ဖွဲ့ ၅ ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

More News
Up