ဗိုလ်တထောင် KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရ

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ (၉) ရပ်ကွက်၊ (၄၈) လမ်းနဲ့  မဟာဗန္ဓုလလမ်းထောင့်ရှိ KBZ ကမ္ဘောဇဘဏ်ခွဲကို အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁ နာရီလောက်က ဓားပြဝင်တိုက်သွားပြီး ငွေကျပ် သိန်း ၃၀၀၀ လောက် ပါသွားတယ်လို့ သိရပါတယ်။

သေနတ်ကိုင်ထားတဲ့ လူ ၆ ယောက်က ဘဏ်အတွင်းဝင်ရောက်ပြီး ဘဏ်တံခါးတွေကို ပိတ်ခိုင်းကာ ကောင်တာစားပွဲပေါ်ရှိငွေကျပ် သိန်း ၃၀၀၀ ကိုလုယက်သွားတာပါ။

ဒါ့အပြင် ဘဏ်မှာ ငွေလာထုတ်သူ ၆ ယောက်ရဲ့ ဖုန်းတွေကိုလည်း လုယူသွားပြီး  ကားအဖြူ တစီးနဲ့ မောင်းပြီး ထွက်ပြေးသွားတာလို့ ဗိုလ်တထောင် ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

“ PDF လူငယ်တွေလုံးဝမဖြစ်နိုင်ပါဘူး။ ပြည်သူတွေဆီကပါ အခုလို လုယူသွားတဲ့လုပ်ရပ်က စစ်ကောင်စီနဲ့ ပျူစောထီးတွေပဲလုပ်ဆောင်မှာ။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ကတော့ ခုလို လုပ်ရပ်မျိုးလုပ်မှာမဟုတ်ဘူး” လို့ ၄၉ လမ်းမှာနေထိုင်တဲ့ အမျိုးသား တဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဓားပြတိုက်ခံရတဲ့ ဘဏ်အနားမှာ စစ်ကောင်စီတပ်သား အများအပြား လုံခြုံရေးယူထားပြီး မြို့လယ်ခေါင် တဝိုက်လမ်းတွေကိုပိတ်ဆို့ စစ်ဆေးနေပါတယ်။ 

Photo-Credit

More News
Up