ပေါင်းတည်မြို့က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၂ ဦး နုတ်ထွက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြိုနယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး ရာထူးကနေနုတ်ထွက်ဖို့ နုတ်ထွက်စာတင်သွားတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နုတ်ထွက်စာတင်ထားသူတွေဟာ အောက်တိုဘာ ၁၅ ရက်နေ့က ပေါင်းတည်မြို့နယ်၊ ပေါက်တောအုပ်စု၊ ပေါက်တောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေး နဲ့ အောက်တိုဘာ ၂၀ ရက် နေ့မှာတော့ နွားခြံကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးတင့်ဝေ တို့ ဖြစ်တယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ပေါင်းတည်မြို့၊ ထွေအုပ်ရုံးဝန်ထမ်းတဦးက ''သူတို့တွေ နုတ်ထွက်စာတင်ထားကြတာမှန်ပါတယ်။ နုတ်ထွက်ခွင့် ပေး၊ မပေးဆိုတာကတော့ လူကြီးတွေဆုံးဖြတ်မှာဖြစ်လို့ ပြောလို့မရဘူး'' လို့ ပြောပြပါတယ်။
ပေါင်းတည်မြို့မှာ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စု ၄၄ အုပ်စုရှိကာ ကျေးရွာပေါင်း ၂၅၀ ကျော်ရှိပြီး ရာထူးကနေနုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူး ၂ ဦးသာရှိသေးကြောင်းလည်း ဆက်လက်ပြောပြပါတယ်။
နုတ်ထွက်စာတင်ထားကြတဲ့ ဦးခင်မောင်ထွေး နဲ့ ဦးတင့်ဝေ တို့ဟာ ကျန်းမာရေးမကောင်းလို့ ရာထူးကနေ နုတ်ထွက်တာဖြစ်တယ်လို့ နီးစပ်သူတွေဆီကသိရပေမယ့် ၎င်းတို့ရဲ့ လက်ကိုင်ဖုန်းတွေကို ခေါ်ဆိုရာမှာတော့ ခေါ်ဆိုလို့မရရှိသေးတဲ့အတွက် သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။
''အကြမ်းဖက်စစ်ကောင်စီရဲ့အောက်ခြေထောက်တိုင် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ ကြေညာထားပြီးပြီ။ ပြည်သူကိုသတ်တဲ့ အကြမ်းဖက်စစ်ကောင်စီသက်ဆိုးရှည်ဖို့ ဘဝနဲ့ရင်းပေး နေရတာ တန်သလားလို့ မေးချင်တယ်'' လို့ ပေါင်းတည် PDF က တာဝန်ရှိသူတဦးက ပြောပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်က ပေါင်းတည်မြို့နယ်၊ ဇီးပင်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းနိုင်ဟာ သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးသွားခဲ့ပြီး အောက်တိုဘာ ၂၀ ရက်နေ့က ပျဉ်ပုံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းဟာလည်း သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။