ကိုလံဘီယာနှင့်ဆက်ဆံရေး ပြန်လည်ပြုပြင်ရန်လိုဟု ဗင်နီဇွဲလားသမ္မတ ပြော

ဗင်နီဇွဲလားနဲ့ ကိုလံဘီယာ နှစ်နိုင်ငံအကြား ၂ နှစ်လောက် နိုင်ငံရေးနာမည်ဖျက်မှုတွေနဲ့ ဆက်ဆံရေးတွေကျိုးပျက်သွားပြီးနောက်မှာ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက ကိုလံဘီယာနဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည်ပြုပြင်ဖို့ လိုအပ်ကြောင်း အောက်တိုဘာ ၂၀ ရက်က ပြောကြားခဲ့ပါတယ်။

ကိုလံဘီယာအစိုးရရဲ့ တိုင်းတပါးသားတွေကို မုန်းတီးတဲ့ မျက်ကန်းမျိုးချစ်ဝါဒနဲ့ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ဂရုပြုပေးဖို့ ကုလသမဂ္ဂ မဟာမင်းကြီး မစ်ရှဲလ်ဘာချီလက်ကို အမှုဆောင်ဒုဥက္ကဋ္ဌ ဒဲလ်စီရိုဒရီဂက်ဇ်က တောင်းဆိုပြီးနောက် နာရီပိုင်းအတွင်းမှာပဲ  သမ္မတ မာဒူရိုရဲ့ပြောကြားချက် ပေါ်လာတာပါ။ 

ကျနော်တို့ဟာ နဂိုအတိုင်း ပုံမှန်ဖြစ်အောင် စီးပွားရေးဆက်ဆံရေးတွေ ကောင်းမွန်အောင် လုပ်ဆောင်ရမယ်လို့ သမ္မတ မာဒူရိုက နိုင်ငံပိုင်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ အပြန်အလှန် ကောင်စစ်ဝန်ဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးကို ပုံမှန်လုပ်ဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ ရည်ရွယ်ချက်ရှိကြောင်း ပြသခဲ့တဲ့ ဗင်နီဇွဲလားသမ္မတဟာ အမျိုးသားလွှတ်တော်အကြီးအကဲ ဟော်ဂီရိုဒရီဂက်ဇ်က ထုတ်ပြန်ခဲ့တဲ့ ကိုလံဘီယာ အထက်လွှတ်တော်မှ စာတစ်စောင်ကို ကိုးကားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစာဟာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပြန်လည်ထူထောင်ဖို့ နှစ်နိုင်ငံ ကော်မရှင်အဖွဲ့တွေကို ဖန်တီးဖို့ အဆိုပြုထားပါတယ်။ 

ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကီ ကတော့ ဗင်နီဇွဲလားနိုင်ငံသားတွေအတွက် ကုန်စည်နဲ့ဝန်ဆောင်မှုတွေ လွယ်ကူချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် နယ်စပ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ထောက်ခံပြောဆိုခဲ့ပေမယ့် မာဒူရိုရဲ့အစိုးရကို အသိအမှတ်မပြုကြောင်း သတိပေးခဲ့ပါတယ်။

ကိုလံဘီယာအစိုးရရဲ့ အကူအညီနဲ့ ဗင်နီဇွဲလားအတိုက်အခံတွေက နိုင်ငံအတွင်းကို လူသားချင်းစာနာမှုအကူအညီတွေ ယူဆောင်လာဖို့ ကြိုးစားမှုကို တုံ့ပြန်တဲ့အနေနဲ့ မာဒူရိုဟာ ကိုလံဘီယာနဲ့ သံတမန်ဆက်ဆံရေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ရပ်ဆိုင်းခဲ့ပြီး ကိုလံဘီယာ အရာရှိတွေကို ၂၄ နာရီ နောက်ဆုံးထားပြီး ဗင်နီဇွဲလားကနေ ထွက်ခွာစေခဲ့ပါတယ်။

ကိုလံဘီယာနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ဟာ ၂,၂၁၉ ကီလိုမီတာရှည်တဲ့ နယ်စပ်မျဉ်းကို မျှဝေထားကြတာပါ။ 

စက်တင်ဘာလမှာ ဗင်နီဇွဲလား ဒုသမ္မတက တံတားတွေကနေ ကွန်တိန်နာတွေကို ဖယ်ရှားပြီး ကိုလံဘီယာနယ်စပ်ကို ပြန်လည်ဖွင့်လှစ်မယ်လို့ ကြေညာခဲ့ပေမယ့် ခွင့်ပြုချက်က မပြီးပြတ်သေးပါဘူး။ 

ကိုလံဘီယာနဲ့ အမေရိကန် အပါအဝင် တခြားအနောက်နိုင်ငံအများအပြားက အတိုက်အခံခေါင်းဆောင်  ခွမ်ဂွိုက်ဒိုကို ဗင်နီဇွဲလားရဲ့တရားဝင်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားပါတယ်။ 

ဒူကီက မာဒူရိုကို "အာဏာရှင်" လို့ ခေါ်ဆိုပြီး၊ ကိုယ့်ကိုယ်ကိုယ် ဆိုရှယ်လစ်သမ္မတလို့ ကြွေးကြော်ထားတဲ့ မာဒူရိုကတော့ ဒူကီဟာ ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး သူ့ကိုဖြုတ်ချဖို့ အစီအစဉ်ထဲမှာ ပါဝင်နေတယ်လို့ စွပ်စွဲထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up