Monday, May 29, 2023
HomeLead Storyလောင်းလုံးမြို့နယ်တွင် မျက်နှာဖုံးတပ်ထားသူများ ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

လောင်းလုံးမြို့နယ်တွင် မျက်နှာဖုံးတပ်ထားသူများ ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန္ဒလဲရွာ လက်ဖက်ရည်ဆိုင်တခုထဲ ဒီနေ့မနက်ပိုင်းက မျက်နှာဖုံးတပ်ဆင်ထားသူလူတစု ဝင်ရောက်ပစ်ခတ်တာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ဖက်ရည်ဆိုင်နဲ့ နီးစပ်သူတဦးက “မနက် ၈ နာရီကျော်လောက်က အင်္ကျီအမည်း၊ မျက်နှာဖုံးတပ်ထားသူ လူတစ်စု ကားတစ်စီးနဲ့ရောက်လာပြီး ဆိုင်တံခါးဝကနေ ဆိုင်ထိုင်သူ ၃ ဦးကို သေနတ်နဲ့ပစ်သွားတယ်၊ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာ မသိဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကိုနေနေဆိုတဲ့ အမျိုးသား အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ဒဏ်ရာရသူ ဦးအုန်းနီနဲ့ ဦးအောင်ဆင့်တို့ကိုတော့ အရေးပေါ်ကားနဲ့ ဆေးရုံတင်ပို့လိုက်ကာ ဦးအုန်းနီကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

ဒေသခံနောက်တဦးကတော့  အိမ်စီးကားပေါ်ကနေ အရပ်ဝတ် ၃ ဦး ဆင်းလာပြီးနောက် လက်ဖက်ရည်ဆိုင်ထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ စစ်တပ်ယူနီဖောင်းဝတ်ထားသူတွေလည်း ပါတယ်လို့ ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က ရောက်လာပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ကိုနေနေဟာ ကော့သောင်းဘက်မှာ ဆိုင်ကယ် ကယ်ရီဆွဲနေသူဖြစ်ကာ နေမကောင်းဖြစ်တဲ့ အမေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအား စောင့်ရှောက်ဖို့ ရောက်နေတာဖြစ်ပြိး ဦးအုန်းနီနဲ့ ဦးအောင်ဆင့်တို့ဟာလည်း အဖွဲ့အစည်းတွေမှာ ပါဝင်ပတ်သက်သူတွေမဟုတ်ဘူးလို့ သိရပါတယ်။

အခုလို ပစ်ခတ်တဲ့ဖြစ်စဉ်မျိုး ပန္ဒလဲရွာချောင်းတဖက်ကမ်းမှာလည်း အရင်က တကြိမ်ဖြစ်ခဲ့ဖူးသေးတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ပြည်သူတွေက အာဏာသိမ်းစစ်ကောင်စီအား နေ့စဉ် နည်းမျိုးစုံနဲ့ ဆန္ဒပြနေကြပြီး စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွင်းတာ၊ ပါဝင်သူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular