တာလီဘန်များ လူ့အခွင့်အရေးလေးစားရန် ကဘူးလ်တွင် အမျိုးသမီးများဦးဆောင်ဆန္ဒပြ

အာဖဂန်နစ္စတန်နိုင်ငံရဲ့မြို့တော် ကဘူးလ်မှာ အမျိုးသမီးတွေနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းဝင်တွေ အောက်တိုဘာ ၂၁ ရက်က ဆန္ဒပြခဲ့ပါတယ်။
တာလီဘန်တွေအနေနဲ့ အရပ်ဖက် လူ့အခွင့်အရေးတွေကို လေးစားဖို့ တောင်းဆိုခဲ့တဲ့ ရုပ်သံတွေကို အာမက်ဂျ်သတင်းဌာနက ပြသခဲ့ပါတယ်။
ဒီလူအုပ်စုဟာ ကဘူးမြို့ထဲမှာ ချီတက်ရင်း လူ့အဖွဲ့အစည်းအတွင်း ပညာရေးနဲ့ အလုပ်အကိုင် ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့ ထောက်ခံတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြပြီး ကျမတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
တာလီဘန်တွေ အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်ပြီးတာ ၂ လ ကြာခဲ့ပေမဲ့ အကြီးတန်း မိန်းကလေးတွေ ကျောင်းပြန် မတက်နိုင်သေးပါဘူး။
အစိုးရအဖွဲ့သစ်ထဲမှာလည်း အကြီးတန်းရာထူးတွေအတွက် အမျိုးသမီးတွေကို မခန့်အပ်ထားပါဘူး။
အမျိုးသမီးတွေ အလုပ်အမျိုးအစား နည်းနည်းမှာ လုပ်ကိုင်နိုင်ဖို့ကိုသာ ခွင့်ပြုသွားမယ်လို့ တာလီဘန်တွေက ပြောထားပါတယ်။
တာလီဘန်တွေ တကျော့ပြန် အာဏာရ လာတဲ့အတွက် ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက သူတို့ရဲ့ အပြင်းစား အုပ်ချုပ်ရေးပုံစံခွက်ထဲ အာဖဂန်နိုင်ငံ ပြန်ရောက်သွားမှာကို နိုင်ငံတကာက စိုးရိမ်နေပါတယ်။
အဲဒီအချိန်က တာလီဘန်တွေ အုပ်စိုးချိန်မှာ အမျိုးသမီးတွေကို ကျောင်းတွေ လုပ်ငန်းခွင်တွေမှာ ပစ်ပယ်ထားပြီး လူအုပ်ရှေ့မှာ ခဲနဲ့ ပေါက်သတ်တဲ့ လုပ်ရပ်တွေအပါအဝင် အလွန်ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။
တကျော့ပြန် အာဏာရလာတဲ့ တာလီဘန်တွေကတော့ အမျိုးသမီး အခွင့်အရေးကို အာမခံပြီး အများပြည်သူက စိစစ်ပြီး ကြီးကြပ်ကွပ်ကွဲနိုင်တဲ့ ယန္တရားတွေပါဝင်တဲ့ ပွင့်လင်းတဲ့ အစိုးရ အဖွဲ့ တတ်နိုင်သမျှ အမြန်ဆုံး ဖြစ်နိုင်ရေး ကြိုးစားနေတယ်လို့ ပြောထားပါတယ်။