ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ ဆေးရုံလမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ သံလမ်းဂိတ် အောက်တိုဘာ ၂၁ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ထက်မနည်း ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “အဲ့ဒီဂိတ်က စစ်သားတွေက နေတိုင်းပဲ။ ညပိုင်းဆိုမူးပြီး လမ်းသွားလမ်းလာတွေကို ကြိမ်းမောင်းဆဲဆိုနေကြတာ။ ဗုံးကွဲသံကြားလိုက်ရပြီး သိပ်မကြာဘူး အရေးပေါ်ကားတွေသွားလိုက်၊ ပြန်လိုက်နဲ့ သေဆုံးထိခိုက်မှု များတဲ့ပုံပေါ်တယ်” လို့ ပြောပါတယ်။
ပြည်မြို့က သံလမ်းဂိတ် ဗုံးခွဲတိုက်ခိုက်မှုကို ပြည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (PUGF) က ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ကြေညာထားပါတယ်။
PUGF ရဲ့ တာဝန်ခံက “ကျနာ်တို့ ပြည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ရဲ့ အဖွဲ့ခွဲဖြစ်တဲ့ ပြည်မြို့နယ်၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (PUGF) က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ရဲဘော်တွေလည်း ဘေးကင်းစွာဘဲ နေရပ်ကိုပြန်ရောက်ကြပါပြီ။ စစ်ဆင်ရေးအရှိန်မြှင့်ပြီး အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်သွားမှာပါ'' လို့ အတည်ပြုပြောပြပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ သေဆုံး၊ ဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။
ပြည်မြို့နယ်အတွင်းမှာ စစ်ဆင်ရေးတွေကို ယခင်ကထက်အရှိန်မြှင့်ပြီး လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ၊ အားပေးအားမြှောက်ပြုလုပ်တာတွေ၊ အတူတကွနေထိုင်တာတွေ မပြုလုပ်ကြဖို့လည်း ပြည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်း ပြည်မြို့အပါအဝင် ပြည်မြို့အနီးတဝိုက်က မြို့နယ်တွေက စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေမှာ ဗုံးပေါက်ကွဲမှာတွေဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။