ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ အောက်တိုဘာ ၂၁ မနက်ပိုင်းက ရဲတပ်ကြပ်ကြီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ထောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မိုးမောက်မြို့နယ်မှာ တာဝန်ကျနေတဲ့ ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့မှ ရဲတပ်ကြီး တင့်ဆွေဦးနဲ့ ယောက်ဖတော်စပ်သူတို့ကို ခါနန်ရပ်ကွက်က နေထိုင်ရာအိမ်မှာ သေနတ်ထောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
"မနက်စောစော ၆ နာရီလောက်မှာ ကားနှစ်စီးရောက်လာပြီး တင့်ဆွေဦးနဲ့ သူ့ယောက်ဖကို သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတယ်၊ ဘယ်ခေါ်သွားလဲတော့ မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရဲတပ်ကြပ်ကြီး တာဝန်ထမ်းဆောင်သူ တင့်ဆွေဦးကို ကားနှစ်စီးနဲ့ လာရောက်ဖမ်းခေါ်စဉ် ရောက်ဖဖြစ်သူ ကိုဝါဆိုက ဝင်ရောက်ထိုးနှက်ခဲ့တဲ့အတွက် နှစ်ဦးစလုံး ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
မိုးမောက်မြို့နယ်မှာ သြဂုတ် ၁ ရက် ညပိုင်းကလည်း ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေတို့ နှစ်ဦးကို လမ်းမှာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခဲ့လို့ မြို့နယ်အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ဒဏ်ရာရခဲ့ပါတယ်။