စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးရွာက လျှပ်စစ်ဓာတ်အားခွဲရုံ အကြီးအကဲတစ်ဦး ကို အောက်တိုဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီလောက်က အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ် ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သခွတ္တနယ်ကျေးရွာက လျှပ်စစ်ဓာတ်အားခွဲရုံက အကြီးဆုံးတာဝန်ရှိသူ ဦးသန့်စင်ဖြစ်ပြီး သေနတ်နဲ့ နှစ်ချက် ပစ်ခတ်ခံရကာ ခြေထောက်မှာ ထိမှန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“လက်ရှိမှာ ကျနော်တို့ ရွာက လက်ဖက်ရည်တစ်ဆိုင်မှာပုန်းနေတယ်။ ဆေးရုံလည်း မသွားရဲသေးဘူး။ ဘာကြောင့်ပစ်တာလဲဆိုတော့ စစ်ကောင်စီတပ်တွေ လာတုန်းကလည်း စစ်ကားခေါင်းခန်းထဲကနေ PDF စခန်း တွေလိုက်ပြတယ်လို့တော့ သတင်းတွေ ထွက်နေတာရယ်။ နောက်တော့ အခုရက်ပိုင်းအတွင်း မီးဖြတ်တာတွေလည်း အကြိမ်ကြိမ်လုပ်လို့ အခုလိုသေနတ်နဲ့ ဝင်ပစ်တာလို့တော့ပြောကြတာဘဲဗျ။”
ဦးသန့်စင်အား ဘယ်အဖွဲ့စည်းက ပစ်ခတ်သွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
သခွတ္တနယ်ကျေးရွာဟာ စံပြကျေးရွာတစ်ရွာဖြစ်သလို တိုက်နယ်ဆေးရုံလည်းရှိပြီး ဝန်ထမ်းအားလုံး CDM လုပ်ထားတာကြောင့် တိုက်နယ်ဆေးရုံတစ်ခုလုံး ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။