တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၀၀ နီးပါး၊ ၂၈ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၀၀ နီးပါးနဲ့ ၂၈ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၈၅၃ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်  ၈၉၃ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၆ ဒသမ  ၉၅ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူအရေအတွက်က တော့ ၁,၁၀၉ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၈,၄၄၄ ယောက် နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၉၀,၉၀၁ ယောက် ရှိနေပါတယ်။

ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ အောက်တိုဘာ ၂၀ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၇ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ ၅ သန်းနီးပါးနဲ့ စုစုပေါင်း ၁၂ သန်းကျော်ရှိခဲ့ပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။

More News
Up