ဂျပန်နိုင်ငံ ကျူးရှူးကျွန်းပေါ်ရှိ အကြီးဆုံးမီးတောင်ရှင် ပေါက်ကွဲ

ဂျပန်နိုင်ငံ ကျူးရှူးကျွန်းပေါ်က ဂျပန်နိုင်ငံရဲ့ အကြီးဆုံးမီးတောင်ရှင် အာဆိုဟာ အောက်တိုဘာ ၂၀ ရက်က ပေါက်ကွဲသွားပါတယ်။

စောင့်ကြည့်ရေးကင်မရာတွေကနေ ရိုက်ကူးထားတဲ့ မီးတောင် ပေါက်ကွဲပုံရုပ်သံကို ဂျပန် မိုးလေဝသဌာနက ထုတ်လွှင့်ပြီး သေဆုံးဒဏ်ရာရမှုနဲ့ အပျက်အစီးစာရင်းကို မသိရသေးပါဘူး။

ကမ္ဘာ့အကြီးဆုံး မီးတောင်ရှင်တွေထဲက တခုလည်းဖြစ်တဲ့ အာဆိုမီးတောင်ဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄၃ မိနစ်လောက်မှာ စတင်ပေါက်ကွဲခဲ့ပြီး ပြာတွေကို ကောင်းကင်ပေါ် ၂ ဒသမ ၂ မိုင် အမြင့်ထိ မှုတ်ထုတ်ခဲ့တယ်လို့ ဂျပန် မိုးလေဝသဌာနက ပြောပါတယ်။ 

အဆင့်ငါးဆင့်ရှိတဲ့ တပ်လှန့်သတိပေးချက်စနစ်အရ မီးတောင် ပေါက်ကွဲမှုဆိုင်ရာ အဆင့် ၃ တပ်လှန့် သတိပေးချက်ကို ဂျပန် မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

လူတွေ မီးတောင်နားကို မကပ်ဖို့၊ မီးတောင်ရဲ့ နာခါဒါကေ မီးတောင်အူကြောင်းပတ်လည် အချင်း သုည ဒသမ ၆ မိုင်ပတ်လည်ကို မသွားကြဖို့နဲ့  ချော်ခဲတွေ ထိမှန်မယ့်ဘေးကို သတိထားကြဖို့ တပ်လှန့်ထားပါတယ်။

အာဆိုမီးတောင်ဟာ ၂၀၁၉ ခုနှစ်က အသေးစား ပေါက်ကွဲခဲ့ဖူးပါတယ်။ ဂျပန်ရဲ့ နှစ်၉၀ သမိုင်းမှာ အဆိုးဆုံး မီးတောင် ပေါက်ကွဲမှုက ၂၀၁၄ စက်တင်ဘာမှာ ဖြစ်ခဲ့ဖူးပြီး အွန်တာ့ခဲ မီးတောင်ပေါ်မှာ လူ ၆၃ ယောက် သေဆုံးခဲ့ပါတယ်။

More News
Up