Home
ဆောင်းပါး
ခရောင်းလမ်းပေါ် ရဲရဲလျှောက်လှမ်းနေကြတဲ့ ဆူးပန်းလေးများ
DVB
·
October 20, 2021

စစ်အာဏာသိမ်းလိုက်တာ ရှစ်လရှိလာသည့်တိုင်အောင် စစ်အာဏာရှင်ဆန့်ကျင်ရေးဟာ ရပ်မသွားဘဲ တနေ့ထက် တနေ့ ပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်တပ်ရဲ့သတ်ဖြတ်မှုတွေကလည်း ပိုမိုရက်စက်ကြမ်းကြုတ်လာပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့တရားမဲ့လုပ်ရပ်တွေကို လက်မခံနိုင်တဲ့ နိုင်ငံတဝန်းက ကျောင်းသားပြည်သူတွေဟာ စစ်အာဏာ ရှင်ကို အမြစ်ဖြုတ်တိုက်ထုတ်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးထဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းက ကျောင်းသားပြည်သူတွေဟာ စစ်ရေးလေ့ကျင့်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေရှိရာဒေသများကို သွားရောက်ကာ စစ်ပညာသင်ယူကြတာများပါတယ်။

ဒီလိုစစ်ပညာသင်ယူနေတဲ့အထဲမှာ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားလူငယ်လေးတွေ အများဆုံးပါဝင်ပြီး အမျိုးသား တွေချည်းပဲမဟုတ်ဘဲ အမျိုးသမီးတွေကလည်း ပါဝင်လာတယ်။ အဲ့လိုပါဝင်ရာမှာ အမျိုးသမီးနဲ့ အမျိုးသားတော်လှန်ရေး လုပ်တာခြင်းအတူတူ အမျိုးသမီးတွေကိုတော့ အထင်သေးနှိမ့်ချခဲ့ကြတယ်။

ဒါကလည်း ခေတ်အဆက်ဆက်က ကိုင်စွဲလာခဲ့တဲ့ အမျိုးသမီးဆိုရင် ကာယအားနည်းတဲ့အတွက် အိမ်အလုပ်နဲ့သာသင့် တော်ပြီး တိုက်ခိုက်ရေးကတော့ ခွန်းအားရှိတဲ့အမျိုးသားတွေရဲ့အလုပ်ဆိုတဲ့ ကျား၊ မ ခွဲခြားမှုတွေကြောင့်သာ ဖြစ်တယ်။

ဒါကြောင့်ပဲ အမျိုးသမီးတွေဟာ အခုလိုစစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့အချိန်မှာ သူတို့ကို ဖိနှိပ်ထားတဲ့အယူအဆတွေ ပါ စစ်အာဏာရှင်နဲ့အတူ တစ်ပါတည်းတိုက်ထုတ်သွားနိုင်ဖို့ သူတို့အသက်တွေ၊ ဘဝတွေကိုစတေးပြီး ပင်ပန်းဆင်းရဲမှုတွေ ကို ကြိတ်မှိတ်သည်းခံရင်း သူတို့ရဲ့မာန်နဲ့ သတ္တိသွေးကို ထုတ်ပြခဲ့ ထုတ်ပြနေကြဆဲပါ။

တောထဲရောက်စမှာ လူကောင်သေးလို့ အမျိုးသားတွေရဲ့အထင်သေးနှိမ့်ချခံခဲ့ရတဲ့ ကယားပြည်နယ်က ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)မှာ အမျိုးသမီးစစ်သည်တော်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၂ အရွယ် မဇူဇန်က သူကြုံခဲ့ရတာကို အခုလိုပြန်ပြောပြပါတယ်။

“ ကျမက ပုပုသေးသေးလေးဆိုတော့ ယောကျ်ားလေးတွေက မလုပ်နိုင်ပါဘူး။ ဘာလို့ တောထဲသွားနေမှာလဲဆိုတဲ့စကား ပေါ့။ လေ့ကျင့်ရေးလုပ်တိုင်း နင်မလုပ်နိုင်ဘူးဆိုတဲ့စကားမျိုး ကျမ ထပ်ခါ ထပ်ခါကြားရတယ်။ အမျိုးသမီးဆိုရင် အထင် သေးတဲ့မျက်လုံးတွေနဲ့ ကြည့်တာတွေ ရှိသေးတယ်။ ဒါကတော့ ကျမတို့အသိုင်းအဝိုင်းကြားမှာ စိန်ခေါ်ချက်တစ်ခုပေါ့”

သူ့အနေနဲ့ ဒီလိုကြိုးစားသင်ယူပြီး နာကျင်ပင်ပန်းမှုတွေကို ကြိတ်မှိတ်သည်းခံနိုင်ခဲ့တာကြောင့် လက်ရှိမှာသူဟာ စစ်သင် တန်းဆင်းပြီးသွားလို့ သက်ဆိုင်ရာနယ်မြေမှာ တာဝန်ထမ်းဆောင်လျှက်ရှိတယ်။
ဇူဇန်ဟာ စစ်အာဏာမသိမ်းမီက ကယားပြည်နယ်ရှိ တက္ကသိုလ်မှာ ပထဝီမေဂျာဒုတိယနှစ်တက်ရောက်သင်ကြားနေပြီး သူအပါအဝင် မောင်နှမကိုးယောက်ဟာ မိဘနှစ်ပါးနဲ့အတူ အပူအပင်ကင်းစွာနဲ့နေထိုင်ခဲ့ကြတယ်။

သူဟာ စစ်အာဏာသိမ်းပြီး ရှစ်ရက်မြောက်နေ့မှာ ပြည်သူတွေနဲ့အတူ ဆန္ဒပြရာမှာပါဝင်ခဲ့ပြီး မတ်လ ၄ ရက်မှာတော့ လက် နက်ကိုင်ဖို့ တွန်းအားတွေဖြစ်လာတဲ့အတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထဲ ဝင်ရောက်ကာ စစ်ပညာ သင်ခဲ့တယ်။

တော်လှန်ရေးထဲရောက်လာတဲ့အမျိုးသမီးအများစုဟာ ရှေ့တန်းကို လိုက်ရလေ့မရှိဘဲ ဆေးတပ်တို့၊ ရန်ပုံငွေရှာပေးရတာ တို့၊ စားသောက်ရေးစီစဉ်ပေးရတာနဲ့ အရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေ ရှာဖွေပေးရတဲ့နေရာတွေမှာ တာဝန်ယူကြရပါတယ်။

အထူးသဖြင့် ရုံးပိုင်းဆိုင်ရာတို့၊ ထောက်ပို့အဖွဲ့တွေနဲ့ ဆက်သွယ်ရေးပိုင်းတွေမှာ အဓိက တာဝန်ယူရတာများပါတယ်။ အကယ်၍ အမျိုးသမီးတပ်သားမဖြစ်မနေလိုက်ရမယ်ဆိုရင်လည်း ရှေ့တန်းထွက်ရက်အနည်းဆုံးဖြစ်တဲ့ခရီးတွေမှာပဲ ခေါ်ကြတာပါ။

ရှေ့တန်းတစ်ခါထွက်ရင် အနည်းဆုံး လေးရက်ကြာတဲ့ခရီးရှိသလို လအလိုက်ကြာတဲ့ခရီးနဲ့ အပတ်လိုက်လည်း ကြာတဲ့ ခရီးတွေရှိပြီး အဖွဲ့လိုက် ကိုယ်အုပ်စုနဲ့ ကိုယ်ထွက်ကြရပါတယ်။

ရှေ့တန်းလိုက်ခဲ့ဖူးတဲ့ ဇူဇန်ကတော့ အမျိုးသားတွေသဘာဝအရ ခြေလှမ်းကျဲကျဲနဲ့ မြန်မြန်လမ်းလျှောက်တတ်တာကို သူ အနေနဲ့ အမီလိုက်နိုင်အောင် ပိုမိုအားစိုက်ထုတ်ခဲ့ရတယ်ဆိုတာကို အခုလိုပြောပြပါတယ်။

“ ယောကျ်ားလေးတွေရဲ့ပင်ကိုယ်သဘာဝအရ အားပိုရှိတော့ ပိုမြန်တယ်။ ပိုသွက်တယ်။ ဒါမဲ့ကျမတို့ လိုက်မီနိုင်အောင် ကြိုးစားတယ်။ သူအိတ်တစ်လုံးဆို ကျမလည်းအိတ်တစ်လုံး၊ သူသေနတ်တစ်လက်ဆို ကျမလည်းသေနတ်တစ်လက်၊ သူရေတစ်ဘူးဆို ကျမလည်းရေတစ်ဘူးပေါ့။ ဝန်ထုတ်ဝန်ပိုးလည်းမဖြစ်အောင်ပေါ့”

ဒီလိုမျိုးအမျိုးသမီးတွေရဲ့အားစိုက်ကြိုးစားမှုနဲ့ အန္တရာယ်များလွန်းတဲ့လေ့ကျင့်မှုတွေကအစ အမျိုးသားတွေနည်းတူ လုပ်နိုင် လာတဲ့အတွက် နောက်ပိုင်းမှာ အမျိုးသားတွေဟာ သူတို့ကို အထင်မသေးရဲတော့ဘူးလို့ ဇူဇန်က အားတက်သရော ပြောပါ တယ်။

တောထဲသွားစစ်ပညာသွားသင်တယ်ဆိုတာ အပြောကတော့ လွယ်ပါတယ်။ ဒါပေမယ့်တကယ့်လက်တွေ့မှာ တောထဲ ရောက်ဖို့ သွားရတဲ့ခရီးတောင်မှ ထင်သလောက်မလွယ်လှပါဘူးဆိုတာကိုတော့ ဇူဇန်က အခုလိုသက်သေပြခဲ့ပါတယ်။

“ ကျမတို့တောထဲစသွားတော့ ကားတို့၊ ဆိုင်ကယ်တို့သွားလို့မရဘူး။ လမ်းကကြမ်းပြီး မိုးရွာရင် ပိုဆိုးတယ်။ စခန်းကိုသွား တဲ့လမ်းမှာ မိုးကလည်းကြီး၊ လေကလည်း တအားတိုက်ရတဲ့အထဲ တောင်တက်လမ်းတွေက မိုးရေတွေနဲ့ချောနေတော့ ခရီးမတွင်တဲ့အပြင် ခဏခဏချော်ကျလို့ ခန္ဓာကိုယ်မှာ အညိုအမဲတောင်စွဲတယ်”လို့ သူက ပြောပါတယ်။

သူ့အနေနဲ့ လာတဲ့လမ်းတလျှောက်မှာ အချိန်သုံးနာရီလောက်လမ်းလျှောက်ခဲ့ရပေမယ့် တောင်တွေအပေါ် သတိထားတက် နေရလို့ မောပန်းလွန်းတာကြောင့် တစ်ကမ္ဘာလောက်တောင်ကြာတယ်လို့ ထင်ခဲ့ကြောင်း ရယ်မောရင်းဆိုပါတယ်။

လေ့ကျင့်ရေးစခန်းမှာတော့ သီးသန့်နားချိန်ရယ်လို့ မရှိသလို အိပ်ချိန်၊ စားချိန်တွေလည်း ပြည့်ဝစွာမရတဲ့အထိ လေ့ကျင့် ခန်းတွေလုပ်ခဲ့ကြရပါတယ်။ စခန်းမှာ မနက်လေးနာရီခွဲထရပြီး လေ့ကျင့်ခန်းစလုပ်လိုက်တာ ညကျတော့လည်း အလှည့်နဲ့ ကင်းစောင့်ရပါသေးတယ်။

ဇူဇန်က“လုပ်တာကတော့ တစ်နေကုန်ပဲ။ ထမင်းစားရင်တောင်မှ အချိန်ကြာလို့မရဘူး။ သူတို့က ထမင်းစားချိန်၊ ရေချိုးချိန် တွေမှာ သေနတ်ဖောက်ခဲ့ရင် ထမီရင်လျားနဲ့ ပြေးရတဲ့မစ်ရှင်ပုံစံမျိုးတွေလည်း လုပ်ရတော့ နားချိန်ဆိုတာမရှိပါဘူး”လို့ ရှင်းပြပါတယ်။

စခန်းအတွင်း ပြင်းထန်ခက်ခဲလွန်းတဲ့ လေ့ကျင့်မှုတွေကြောင့် နုနယ်တဲ့အမျိုးသမီးတွေမဆိုထားနဲ့ ခွန်အားကြီးပါတယ်ဆိုတဲ့ အမျိုးသားတချို့တောင်ဆက်မလုပ်နိုင်တော့လို့ နေရာပြောင်းတာဝန်ထမ်းတဲ့သူတွေတောင်ရှိတယ်လို့ ချင်းလဲန်းကာကွယ် ရေးတပ် (Chinland Defense Force)မှ မအဲလင်းက ပြောပါတယ်။

အထူးသဖြင့် ချင်းပြည်နယ်ဘက်ဆိုရင် တောင်တွေကမတ်စောက်တဲ့အတွက် မိုးတွင်းကာလလေ့ကျင့်ရေးယူရမှာ များစွာ အခက်အခဲရှိပါတယ်။ သို့ပေမယ့် သူတို့တွေကတော့ မိုးရွာရွာ၊ နေပူပူဂရုမစိုက်ဘဲ ဇွဲကောင်းကောင်းနဲ့လေ့ကျင့် နေကြတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ မအဲလင်းက“လေ့ကျင့်မှုတွေက သေလောက်အောင်ပင်ပန်းလွန်းတော့ စိတ်ခြောက်ခြားတဲ့ အထိတောင် ဖြစ်ခဲ့ရတယ်။ ဒါမဲ့ကိုယ်ရွေးထားတဲ့လမ်းမို့ နောက်ပြန်မဆုတ်ဘူးလို့ အားတင်းထားလိုက်တော့လည်း အဆင် ပြေသွားတာပါပဲ”လို့ ရှင်းပြပါတယ်။

အဲလင်းဟာ စစ်အာဏာမသိမ်းမီက မန္တလေးတက္ကသိုလ်မှာ ပထဝီမေဂျာပထမနှစ်တက်ရောက်သင်ကြားနေသူဖြစ်ပြီး ချင်း ပြည်နယ်မှာတော့ မိခင်နဲ့အတူ ကုန်စုံဆိုင်ဖွင့်ကာ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေထိုင်ကြသူတွေ ဖြစ်ပါတယ်။

သူဟာ စစ်အာဏာသိမ်းပြီး ခုနစ်ရက်မြောက်နေ့မှာ ပြည်သူတွေနဲ့အတူ ဆန္ဒပြရာမှာပါဝင်ခဲ့ပြီး မတ်လ ၁၀ ရက်မှာ လက်နက်ကိုင်ဖို့ တွန်းအားတွေဖြစ်လာတဲ့အတွက် ချင်းလဲန်းကာကွယ်ရေးတပ်(Chinland Defense Force)ထဲကို ဝင် ရောက်ခဲ့တယ်။

“စစ်တပ်နဲ့ရဲတွေရဲ့ မတရားအနိုင်ကျင့်စော်ကားမှုတွေ၊ ရက်စက်မှုတွေကို သည်းမခံနိုင်တော့တာက တစ်ကြောင်း။ နောက် ကျမတို့လည်း အချိန်မရွေးအဖမ်းခံရပြီး စစ်ကြောရေးမှာ သေသွားမယ့်အတူတူ သေရင်တောင် သတ္တိရှိရှိသေချင်လို့ လက် နက်ကိုင်တဲ့လမ်းရွေးခဲ့တာ”လို့ အဲလင်းက ရှင်းပြပါတယ်။

သူအနေနဲ့ကတော့ စစ်အာဏာရှင်နဲ့နှိုင်းရင် ဒီလိုခက်ခဲပင်ပန်းမှုတွေက ဘာမှမဟုတ်လို့ ဘယ်နည်းနဲ့မဆို စစ်အာဏာရှင် ကို အမြစ်ဖြတ်တိုက်ထုတ်ဖို့က သူတို့ပန်းတိုင်ပါပဲ။
“ ဒီလိုလက်နက်ကိုင်တော်လှန်ရေးလုပ်ရမယ်လို့ တွေးတောင်မကြည့်ခဲ့ဖူးဘူး။ ဒါမယ့်လူမိုက်ရှိမှ သူရဲကောင်းပေါ်ရသလိုပဲ စစ် တပ်ရဲ့ယုတ်မာရက်စက်မှုတွေကြောင့် စစ်သည်တွေအဖြစ်နဲ့ ကျမတို့တွေထွက်လာရတယ်”လို့ မအဲလင်းက ရဲဝံ့ပြတ် သားစွာ ပြောပါတယ်။

သူတို့ဟာ တောထဲမှာ အနေဆင်းရဲရတဲ့အထဲ စားရတော့လည်းကျောက်ခဲနီးပါးမာကျောနေတဲ့ဆန်ကြမ်းတောင်မှ နပ်မှန် အောင်မစားကြရပါ။ အသားဟင်းက တစ်လမှာနှစ်ခါစားရပြီး ဟင်းမရှိတဲ့ရက်တွေမှာ ငရုတ်သီးနဲ့ဆား၊ ရှုးရှဲလက်ဖက်တို့၊ ခေါက်ဆွဲခြောက်တို့သာ စားကြရတယ်။

အဲဒါတွေပြတ်သွားရင်တော့ တောထဲမှာရတတ်တဲ့ သစ်ဥသစ်ဖုတို့၊ ဟင်းရွက်တို့ကို ကြော်စား၊ပြုတ်စားကြရတယ်။ တခါက စခန်းမှာဆန်ပြတ်လပ်သွားလို့ သုံးရက်တိတိ ဟင်းရွက်ပြုတ်တစ်ခုထဲနဲ့ ပြီးခဲ့ရတယ်လို့ အဲလင်းက ပြောပြပါတယ်။

ကျန်းမာရေးအတွက်တော့ တပ်တွင်းမှာ ဆေးတပ်ထားရှိပေးထားသလို စည်းကမ်းပိုင်းမှာလည်း တပ်တွင်းစည်းကမ်းနဲ့ တပ် ပြင်စည်းကမ်းဆိုတာရှိပြီး ကျူးလွန်တဲ့အမှုကြီး၊ ငယ်အလိုက်ကာ အပြစ်ပေးကာ စည်းကမ်းပိုင်းကို တင်းကျပ်ထားပါတယ်။

လက်ရှိစစ်အာဏာရှင်တော်လှန်ရေးမှာ အမျိုးသမီး ၇၉ ယောက်ရဲ့အသက်တွေ စတေးထားရတယ်လို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

ဒီလိုအသက်ပေးပြီး မိသားစုနဲ့ အလုပ်တွေကိုစွန့်ကာ တောထဲမှာပင်ပန်းဆင်းရဲမှုဒဏ်ကို ကြံ့ကြံ့ခံရင်း စစ်ပညာသင်ယူနေ ကြတဲ့ အမျိုးသမီးတွေဟာ အထင်သေးနှိမ့်ချစရာမဟုတ်ဘူးဆိုတာကို သက်သေခံနေကြပါပြီ။

အခုဆိုရင် ပြည်သူ့တော်လှန်ရေးတပ်မတော်က ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ၅၁ ယောက်ကို စစ်သင်တန်းပေးနေ ပြီဆိုတဲ့ကြေညာချက်တွေကလည်း ထွက်နေပြီဆိုတော့ နောင်မှာအမျိုးသမီးစစ်သည်အင်အားတွေက တိုးလာဖို့ပဲ ရှိပါတော့ တယ်။

စစ်သည်တော်တွေများလာပေမယ့်လို့ လက်နက်ခဲယမ်းပြည့်ပြည့်စုံစုံမရှိတဲ့အပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)မှ ဇူဇန်ကတော့ လက်နက်ချင်းယှဉ်တိုက်နေရတဲ့ တိုက်ပွဲမှာ ပြည်သူတွေရဲ့အကူအညီများစွာလိုအပ်တဲ့အ တွက် ပြိုင်တူတွန်းကြရအောင်လို့ ဆော်သြလိုက်ပါတယ်။

ပြည်သူတွေကူမှ ဒီတော်လှန်ရေးကအောင်မြင်မှာမို့ ကူညီပေးဖို့ မေတ္တာရပ်ခံရင်း ဇူဇန်က အခုလိုပဲ အားပေးစကားပြောပါ တယ်။

“ကျမတို့ရင်းထားရတဲ့ အသက်တွေအများကြီးပဲ။ ဒီအတွက်လည်းအောင်ပွဲရမှ ဖြစ်မှာ။ မကြာခင်အောင်ပွဲက ရောက်လာ တော့မှာပါ”

ရှင်ငြိမ်း

Photo Credit-KNDF

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024