မြစ်သားမြို့တွင် လျှပ်စစ်ရုံး ဗုံးပေါက်ကွဲ

မန္တလေးတိုင်း၊ မြစ်သားမြို့မှာ ပြည်သူတွေဆီက မီတာခတွေ အတင်းအကျပ် ကောက်ခံနေပြီး ရထားလာချိန် မီးဖြတ်ထားတာကြောင့် အောက်တိုဘာ ၁၈ ရက် ညက မြစ်သားမြို့ လျှပ်စစ်ရုံးကို သတိပေး ဗုံးဖောက်ခွဲခဲ့တယ်လို့ မြစ်သား PDF က ထုတ်ပြန်ပါတယ်။

မြို့ခံတဦးက “ပေါက်ကွဲသံကတော့ အကျယ်ကြီး ကြားရတယ်။ စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး ရမ်းသန်း ပစ်ခတ်နေတာတွေလည်း ကြားရတယ်။ ညပိုင်းဆိုတော့ ဝန်ထမ်းတွေလည်း သိပ်မရှိကြဘူး။ ထိခိုက်မှု မရှိဘူး” လို့ ပြောပါတယ်။

လျှပ်စစ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီလက်ပါးစေတွေကို မီတာခ အတင်းအကျပ်ကောက်ခံတာတွေ မလုပ်ဖို့ သတိပေးထားပြီး ဆက်လုပ်နေရင်  အသက်အန္တရာယ်ထိခိုက်တဲ့အထိ ရည်ရွယ် လုပ်ဆောင်မယ်လို့ လူမှုကွန်ရက်ကနေ သတိပေးထားပါတယ်။

မြစ်သားပြည်သူကာကွယ်ရေးတပ်ဖွဲ့ကို ဇွန် ၂၈ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား ၄ မြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်း ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

မြစ်သားမြို့နယ်မှာ အောက်တိုဘာ ၃ ရက်နေ့က ရဲသတင်းတပ်ဖွဲ့ရုံး ဗုံးပစ်ခံရပြီး အောက်တိုဘာ ၅ ရက်နေ့မှာ မြစ်သားဘူတာနဲ့ ကူမဲဘူတာအကြား စမာတံတားအနီး ရထား မိုင်းဆွဲခံခဲ့ရပါတယ်။

More News
Up