ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ အောက်တိုဘာ ၁၉ ရက်က ပြန်လွတ်လာပါတယ်။
ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကတော့ မနေ့ ညနေ ၆ နာရီလောက်အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘူးလို့ မိသားစုဆီကနေ သိရပါတယ်။
ကချင်ပြည်နယ်အတွင်းက သတင်းများကိုရေးသားဖော်ပြခဲ့လို့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးခံရတဲ့ မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ ကိုအဂျဲ၊ ခရစ္စတိုဖာ နဲ့ The 74 media မှ မချန်ဘူ၊ Kachin Wave မှ ကိုလရော်တို့ ၅ ယောက် မြစ်ကြီးနားအကျဥ်းထောင်ကနေ လွတ်မြောက်လာတာပါ။
ပြန်လွတ်လာတဲ့ သတင်းထောက်တဦးက “နေကောင်းတယ်။ ကျန်းမာတယ်။ ခြောက်လကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့ထဲကနေ ဒီနေ့က ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် လွတ်မြောက်ခွင့်ရရှိခဲ့ပြီ၊ အဘက်ဘက်က ညီခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ညက သတင်းထောက်အဂျဲ၊ ခရစ္စတိုဖာတို့ကို တပ်ကုန်းလမ်းမကြီးပေါ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မမျိုးမြတ်မြတ်ပန်ကို ဧပြီ ၁၄ ရက် ညနေ ၆ နာရီကျော်က စီတာပူရပ်ကွက် နေအိမ်မှာ အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လာရောက်ဖမ်းဆီးသွားတာပါ။
မချန်ဘူနဲ့ ကိုလရော်တို့ကိုတော့ မတ်လ ၂၉ ရက်က အေးစေတီရပ်ကွက်မှာ သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပုံကို သတင်းရိုက်ကူးနေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အခုပြန်လွတ်လာတာပါ။
ဖားကန့်မြို့က အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကတော့ ဧပြီ ၉ ရက် မနက်က ဖားကန့်မြို့အဝင် ပန်းတင်တံတားနားမှာ စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပြီး ပုဒ်မ၅၀၅ (က) နဲ့ရော လိုင်စင်မဲ့ဆိုင်ကယ်စီးမှုနဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ပါ အရေးယူခံထားရတာပါ။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး အဖမ်းခံရတဲ့ သတင်းသမား ၁၁၀ ရှိပြီး ပြန်လွတ်သူ အယောက် ၇၀ ရှိကာ ၃၈ ယောက်အဖမ်းခံနေရဆဲဖြစ်ပါတယ်။