Home
မြန်မာသတင်း
ရေစကြိုမြို့ ပေါက်တောကျေးရွာက မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ
DVB
·
October 20, 2021
AA_009
246641119_2691594984477109_3442146790669793822_n
246573241_2691594867810454_2371331837795001211_n
246519152_2691594931143781_545503421030084232_n

မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာဖြစ်တဲ့ အရှေ့ပေါက်တောကျေးရွာအနီးက မိုင်တဲလ်တာဝါတိုင် အောက်တိုဘာ ည ၈ နာရီခွဲလောက်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

MG6 အဖွဲ့နဲ့ YSO NO.1 အဖွဲ့တိုက ပူးပေါင်းပြီး မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး အများပြည်သူသွားလာချိန်မှာ ထိခိုက်မှုရှိမှာစိုးတဲ့အတွက် ညအချိန်မှာသာ တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ MG6အဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရေစကြိုမြို့နယ်အတွင်းက အရှေ့ပေါက်တောပေါ့၊ ဒီနေ့ည ၈ နာရီခွဲလောက်က ဖောက်ခဲ့တာခင်ဗျ။ ကျနော်တို့အဖွဲ့က ၄ တိုင်ဖောက်ခွဲခဲ့ပြီးပြီ။ မနေ့ကတော့ ငတရော်ရွာ မိုင်တဲလ်တာဝါကို ဖောက်ခဲ့တယ်။ ကျနော်တို့ မတင်လိုက်တဲ့ နှစ်ခုရှိတယ်ဗျ။ အဲ့ဒီတုန်းကတော့ လုံခြုံရေးအရဆိုပြီး မတင်ခဲ့တဲ့ တာဝါတိုင်နှစ်ခုရှိတယ်ပေါ့နော်။ အဲ့ဒါတွေကလည်း ရေလယ်ကျွန်းဘက်က တာဝါတိုင်ပါပဲ၊ ဒေသခံတွေ လုံခြုံရေးအပိုင်းကတော့ ကျနော်တို့ တာဝါတိုင်ကို လုံးလုံးမလှဲဘူး၊ မလှဲဘူးဆိုတာက ဘေးပတ်ဝန်းကျင်မှာ အိမ်တွေရှိတဲ့အတွက်ကြောင့် တာဝါတိုင်ကိုတော့ လုံးလုံးမလှဲဘူး စက်ပစ္စည်းတွေကိုတော့ အားလုံးဖျက်ဆီးနိုင်ခဲ့တယ်ပေါ့။ အဲ့ဒါကလည်း နေ့ပိုင်းမှာ ကျနော်တို့မလုပ်ဘူး၊ ညပိုင်းမှာပဲ လုပ်ဖြစ်တယ်၊ အများပြည်သူတွေသွားလာနေတဲ့အတွက်ကြောင့်ပါ။”

အောက်တိုဘာလ ၁၈ ရက်နေ့ ညနေက ငတရော်ကျေးရွာ မိုင်တဲလ်တာဝါတိုင်ကို ဖျက်ဆီးခဲ့တာဖြစ်ပြီး ရေလယ်ကျွန်းကျေးရွာက တာဝါတိုင် နှစ်တိုင်ကိုတော့ နှစ်ရက်ဆက် ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ရေလယ်ကျွန်းဒေသတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဒေသခံ PDF အဖွဲ့ဝင်တွေက ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က အကျအရှုံးတွေရှိခဲ့ပြီး PDFအဖွဲ့ကတော့ အကျအရှုံးမရှိခဲ့ဘူးလို့ သိရပါတယ်။

ရေစကြိုမြို့ မြောက်ပြင်ရွာမှာလည်း စစ်ကောင်စီတပ်က PDF အဖွဲ့တွေနဲ့ ပြည်သူတွေကြားမှာ အထင်အမြင်လွဲမှားစေဖို့ ရည်ရွယ်ချက်နဲ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က မိုင်းထောင်ခဲ့တာကြောင့် ဒေသတစ်ဦး မိုင်းထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုင်းထိဒဏ်ရာရခဲ့တဲ့ ဦးဝင်းဟာ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ နီးစပ်သူ တွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်ကလည်း ရေစကြိုမြို့ရေလယ်ကျွန်းကျေးရွာ နေရင်းနဲ့မင်းရွာဘက်တွေမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရေလယ်ကျွန်းဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024