ပြန်လွတ်လာမည့် နိုင်ငံရေးအကျဉ်းသားများကို မိသားစုများက အင်းစိန်ထောင်ရှေ့တွင် ညဘက်အထိ စောင့်မျှော်နေ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူတွေကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးနေရာမှာ ဒီကနေ့ အောက်တိုဘာ ၁၉ ရက်မှာလည်း ကျန်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ထပ်မံလွှတ်ပေးဖို့ရှိတာကြောင့်  အင်းစိန်အကျဉ်းထောင်ရှေ့မှာ မိသားစုတွေ သွားရောက်စာင့်ဆိုင်းနေကြပါတယ်။

ဒီနေ့ ၇ နာရီကျော်အထိ လွတ်လာမယ့်သူတွေကို မိသားစုတွေက မျှော်လင့်စောင့်စားနေဆဲဖြစ်ပြီး  အင်းစိန်အကျဉ်းထောင်ရှေ့မှာ ‌နောက်ဆုံး လွှတ်ပေးမယ့်ကားကို စောင့်နေကြိုနေကြတာပါ။ 

ထောင်ရှေ့မှာ သားဖြစ်သူ ပြန်လွတ်လာမလားလို့ မနက်ကတည်းက လာရောက်စောင့်ဆိုင်းနေတဲ့ မိခင်တဦးက “ ကျမသားလေးပြန်လွတ်တဲ့အထဲပါမလာသေးလို့ ဒီနေ့ လွတ်ပေးမယ့်ထဲ ပါလားမလို့ လာစောင့်နေတာပါ။ လူတွေအများကြီးဆိုတော့ ကိုဗစ်ကူးစက်မှာတွေဘာတွေကြောက်ပေမဲ့ ကျမသားလေးထွက်လာရင် လာကြိုမဲ့သူမရှိရင် မျက်နှာငယ်မှာစိုးလို့” လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ  နိုင်ငံတကာဖိအားကြောင့် နိုင်ငံတဝန်းက ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင် နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး ပြန်လွတ်လာသူတွေ ပြန်အဖမ်းခံရတာလည်းရှိပါတယ်။

Photo-AMM/ ဖြိုးရသ

More News
Up