DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် စစ်သုံး ဆက်သွယ်ရေးပစ္စည်းများ ဩစတြေးလျကုမ္ပဏီထောက်ပံ့ပေးနေ
DVB
·
October 19, 2021
မြန်မာစစ်တပ်အတွက် စစ်သုံး ဆက်သွယ်ရေးပစ္စည်းများ ဩစတြေးလျကုမ္ပဏီထောက်ပံ့ပေးနေ
Donate to DVB

မြန်မာအကြမ်းဖက်စစ်တပ်အတွက်   ဩစတြေးလျကာကွယ်ရေးပစ္စည်းထုတ်ကုမ္ပဏီတခုက စစ်သုံးဆက်သွယ်ရေးပစ္စည်းတွေ ရောင်းချထောက်ပံ့ပေးနေတယ်လို့ Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၂၀  ပြည့်နှစ် ၊ နိုဝင်ဘာလ ဝယ်ယူရေးစာရွက်စာတမ်းတခုမှာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ နီးပါး စက်ပစ္စည်းကိရိယာတွေရောင်းချပေးနေတဲ့ ဩစတြေးလျကာကွယ်ရေးပစ္စည်းကုမ္ပဏီ Barrett Communications ဆီကနေ နည်းဗျူဟာဆိုင်ရာရေဒီယိုတွေအတွက် စက်ပစ္စည်း အစိတ်အပိုင်းတွေ ဝယ်ယူဖို့ ကြိုးပမ်းတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အဆိုပြုချက်မှာ Barrett ကုမ္ပဏီရဲ့ PRC-2090 ရွှေ့ပြောင်းသယ်ယူရလွယ်ကူတဲ့ စစ်သုံးဆက်သွယ်ရေးပစ္စည်းတွေအတွက် လက်ကိုင်စကားပြောစက်တွေ၊  ဘက်ထရီတွေ၊ ရုပ်သံကြည့် ဖန်သားပြင်မော်ဂျူးတွေ၊ စက်အတွင်းပိုင်း မော်ဒန်းတွေ၊ အင်တာနာဖမ်းယူနစ်တွေနဲ့ မီးအားမြှင့် ပေါင်းကူးစက်တွေကို ဖော်ပြထားပါတယ်။

Barrett Communications ဝက်ဘ်ဆိုက်မှာ အဲဒီ ဆက်သွယ်ရေးပစ္စည်းတွေရဲ့ အဓိကထူးခြားချက်က ရေဒီယိုအသံလှိုင်းတွေကို လုံလုံခြုံခြုံလွှင့်ထုတ်ဖို့ (frequency hopping) အတွက် ဒီဇိုင်းထုတ်ထားတာလို့ ဖော်ပြထားပြီး ဩစတြေးလျရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစနစ်အရ မြန်မာနိုင်ငံကို တင်ပို့ခွင့်တားမြစ်ထားတဲ့ စစ်သုံးဆက်သွယ်ရေးပစ္စည်းဖြစ်ပါတယ်။

ရေဒီယိုအသံလှိုင်းတွေကို လုံလုံခြုံခြုံလွှင့်ထုတ်တာဟာ PRC-2090 အတွက် အဆင့်မီတဲ့ ပစ္စည်းမဟုတ်​ဘူး လို့တော့ ကုမ္ပဏီက Justice For Myanmar ကို ပြောပါတယ်။

Barrett Communications ဟာ သြစတြေးလျအစိုးရ ခွင့်ပြုချက်နဲ့ ၂၀၁၇ ခုနှစ်မှာ မြန်မာကို ပစ္စည်းတွေ နောက်ဆုံးရောင်းချခဲ့တယ်လို့လည်း ပြောပါတယ်။

“အရောင်းအဝယ် ဆောင်ရွက်ခဲ့မှုအားလုံးသည် စီးပွားရေးလုပ်ငန်းအတွက်သာ ဖြစ်ကြောင်း စိတ်ချယုံကြည်သည်“ လို့ဖြေကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။

၂၀၁၇ ခုနှစ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစစ်ဆင်ရေး စတင်ခဲ့တဲ့နှစ် ဖြစ်ပါတယ်။

PRC-2090 အစိတ်အပိုင်းတွေကို Barrett Communications ရဲ့ ခွင့်ပြုချက်မပါဘဲ တတိယ ကြားခံရောင်းချသူတွေက မြန်မာစစ်တပ်ဆီကို ရောင်းချခဲ့တာလို့ Barrett Communications ရဲ့ ပြောရေးဆိုခွင့်ရှိသူ တယောက်က အတည်ပြုပြောကြားပါတယ်။

Barrett  ရဲ့ ဆက်သွယ်ရေးရေဒီယိုတွေကို စစ်တပ်လေဆိပ်တွေနဲ့ စစ်ဘက်လေယာဉ်အများအပြား ဆင်းသက်အသုံးပြုတဲ့လေဆိပ်တွေမှာ တပ်ဆင်သုံးနေတာကို Justice For Myanmar က တွေ့ရှိခဲ့တယ် လို့လည်း ဆိုပါတယ်။

Barrett ရဲ့ စက်ပစ္စည်းတွေအပြင် လေဆိပ်တွေမှာသုံးဖို့ Codan Limited ဆီကနေရေဒီယိုတွေကိုလည်း မြန်မာနိုင်ငံက ဝယ်ယူခဲ့ပါတယ်။

ပြီးတော့ စစ်တပ်ဟာ အလွန်ဝေးကွာတဲ့နေရာအထိ ရေဒီယိုလှိုင်းတွေ လွှင့်ထုတ်/ဖမ်းယူနိုင်တဲ့ မော်ဒန်းတွေ (ultra-long range telemetry radio modems) ကို RFDesign Pty Ltd ဆီကနေ ရခဲ့ပါတယ်။ Codan နဲ့ RFDesign Pty Ltd တို့ဟာလည်း ဩစတြေးလျ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ရဲ့ ကြည်းတပ် ဆက်သွယ်ရေးနဲ့ လေတပ်စစ်ဆင်ရေးတွေအတွက် ဩစတြေးလျနည်းပညာကို အသုံးပြုနေတာကို ကျွန်မတို့ စိုးရိမ်ထိတ်လန့် စိတ်ပျက်ရပါတယ်။ မြန်မာပြည်သူတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကနေ အရေးယူမခံရဘဲ လွတ်နေတဲ့ မြန်မာစစ်တပ်ကို Barrett Communications က အဆင့်မြင့်နည်းပညာတွေ ထောက်ပံ့နေတာ ဆယ်စုနှစ်တစ်ခုကျော်နေပြီ ဖြစ်ပါတယ်။ ဩစတြေးလျအစိုးရက အခုအချိန်မှာ မြန်မာပြည်သူတွေကို ရန်ပြုတိုက်ခိုက်နေတဲ့ အဲ့ဒီအကြမ်းဖက်အဖွဲ့အစည်းကို ဒီစက်ပစ္စည်းတွေရောင်းချနေတာကို ဘာကြောင့် ခွင့်ပြုနေပါသလဲ။ ဩစတြေးလျအစိုးရအနေနဲ့ ဒီပို့ကုန်တွေ့ကို ခွင့်ပြုပေးနေတာဟာ ကြံရာပါ လုပ်နေသလားဆိုတာကို ကျမတို့ သိချင်ပါတယ်။ တကယ်လို့များ Barrett Communications အနေနဲ့ ဩစတြေးလျ ပို့ကုန်ကန့်သန့်ရေး ဥပဒေကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင်လည်း ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။  ဩစတြေးလျ အစိုးရ အဆက်ဆက်ဟာ မြန်မာစစ်တပ်နဲ့ တပူးတွဲတွဲ လုပ်နေခဲ့ကြပြီး အခုအချိန်မှာ အာဏာသိမ်းခေါင်းဆောင်၊ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ကို စီးပွားရေးပိတ်ဆို့ အရေးယူတာမျိုးတောင် မလုပ်ပဲ ဒီအတိုင်းကြည့်နေတာက အလွန်စိတ်ပျက်အံ့ဩဖို့ကောင်းပါတယ်" လို့ ပြောပါတယ်။

ဩစတြေးလျအနေနဲ့ စစ်လက်နက် ထိန်းချုပ်ရေးအစီအစဉ်ကို အသက်ဝင်အားကောင်းအောင် ချက်ချင်း အားစိုက်လုပ်ဆောင်ဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။

Codan Ltd နဲ့ RFDesign ကုမ္ပဏီတို့ဟာ သူတို့ရဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း ရှင်းပြပေးဖို့ Justice For Myanmar ရဲ့ တောင်းဆိုချက်ကို အကြောင်းမပြန်ခဲ့ကြပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013