အာရှဖလားခြေစစ်ပွဲ မြန်မာအမျိုးသမီးအသင်း လက်ဘနွန်ကို ၄ ဂိုးပြတ်နိုင်

အာရှဖလားခြေစစ်ပွဲ အုပ်စု (ဃ) အဖွင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနဲ့ လက်ဘနွန်အသင်းတို့ အောက်တိုဘာ ၁၈ ရက် မနေ့မွန်းလွဲပိုင်းက ယှဉ်ပြိုင်ခဲ့ကြရာမှာ မြန်မာအသင်းက (၄-၀)ဂိုး နဲ့ အနိုင်ရသွားပါတယ်။
မြန်မာအသင်းအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းက ပွဲချိန် ၂၄ မိနစ်မှာ ပင်နယ်တီမှ တဆင့်သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် ၆၄ မိနစ်မှာ တောင်ပံကစားသမား မြတ်နိုးခင်က သွင်းယူပေးခဲ့ပါတယ်။
တတိယဂိုးကို ပွဲချိန် ၈၆ မိနစ်မှာ စန်းသော်သော်က ခေါင်းတိုက်သွင်းယူခဲ့သလို စတုတ္ထဂိုးကို ပွဲချိန် မိနစ် ၉၀ မှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး ဂျူလိုင်ကျော်မှ နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က “လက်ဘနွန်အသင်း ဒီနေ့ ကစားသွားခဲ့တာ ကောင်းပါတယ်။ သူတို့ လုပ်နိုင်စွမ်း အကုန်လုံးကြိုးစားအားထုတ်ပြီး ကစားသွားခဲ့ပါတယ်။ ဒီနေ့ နိုင်ပွဲရဖို့ အကောင်းဆုံး ကစားပေးခဲ့တဲ့ မြန်မာကစားသမားအားလုံးကို ချီးကျူးပါတယ်။ အမှားအချို့ရှိနေသေးပေမဲ့ ဒီနေ့နိုင်ပွဲအတွက် ဝမ်းသာရပါတယ်။ အုပ်စုထဲက အသင်းအားလုံးကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်ကစားသွားမှာပါ” လို့ ပြောတဲ့အကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် အမျိုးသမီး အာရှဖလား ၂၀၂၂ ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိရေးအတွက် ယှဉ်ပြိင်ရတဲ့ အာရှဖလားခြေစစ်ပွဲ အုပ်စု (ဃ) မှာ မြန်မာ၊ လက်ဘနွန်၊ ယူအေအီးနဲ့ ဂူအမ် အသင်းတွေ တအုပ်စုထဲကျနေတာ ဖြစ်ပြီး မြန်မာက အဖွင့်ပွဲစဉ်မှာ ၃ မှတ် အပြည့်ရရှိသွားတာ ဖြစ်ပါတယ်။
မနေ့က ကန်သွားတဲ့ အုပ်စု (ဃ) တခြားပွဲစဉ်ဖြစ်တဲ့ ယူအေအီးနဲ့ ဂူအမ်တို့ ပွဲစဉ်မှာတော့ ယူအေအီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။