Home
မြန်မာသတင်း
ကျောက်ကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်မှူးအပါ ၇ ဦးသေ၊ ၅ ဦးဒဏ်ရာရ
DVB
·
October 19, 2021

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့  (KNDO) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က  ဗိုလ်မှူး ၁ ဦးအပါအဝင် ၇ ဦး သေဆုံးပြီး  ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့  အောက်တိုဘာ ၁၈ ရက်က  ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၄ ရက်က KNDO တပ်ရင်း ၃  ထိန်ချုပ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ ခမရ ၅၅၉ ၊ ခမရ ၅၉၀ တပ်ရင်းက လှုပ်ရှားစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့  တိုက်ပွဲ ၃ ကြိမ်တိုင် ဖြစ်ပွားခဲ့တာပါ။

မူသယ်ကျေးရွာသား ဒေသခံတစ်ဦးက “စကစက ကျူးကျော်ဝင်ရောက်တော့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်တိုင်း စစ်တပ်ဘက်က ရွာတွေကို လက်နက်ကြီး နက်ငယ်တွေ ပစ်တယ်။ တွေ့တဲ့သူ ဖမ်းဆီးတတ်လို့ ထွက်ပြေးရတယ်။ အခုတိုက်ပွဲမှာ စကစဘက်က ကျဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိတယ်”လို့ ဆိုပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ကေအန်ဒီအို တာဝန်ရှိသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မေးမြန်းခွင့် မရခဲ့ပါဘူး။

စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် အင်အား ၁၆၀ လောက်ဟာ တပ်မဟာ ၅ ဘက်ကို ကျူးကျော်ဝင်ရောက်ဖို့ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ရွာကျေးရွာကို အောက်တိုဘာ ၁၃ ရက်နေ့မှာ ရောက်ရှိလာတာလို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကေအန်ယူ တပ်မဟာ ၃ နယ်မြေကို စစ်ကောင်စီရဲ့တပ်ဖွဲ့အင်အား ၂၀၀ နီးပါးဟာ နယ်မြေကျူးကျော်ပြီး တိုးချဲ့ဝင်ရောက်ဖို့ လုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အလားတူ စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ၃ ရက်တာအတွင်း ကေအန်ယူ တပ်မဟာ ၃  တပ်ရင်း ၉ နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၉ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ များတဲ့အတွက် စက်တင်ဘာ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024