ဝန်ခြုံးရွာကို အကြမ်းဖက်စစ်တပ်က ၂ လကြာတပ်စွဲထား၊ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရ

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ဝန်ခြုံးရွာကို အကြမ်းဖက်စစ်တပ်က သြဂုတ်ကစပြီး အောက်တိုဘာ ၁၉ ရက်နေ့အထိ ၂ လကျော်ကြာတဲ့အထိ ဝင်ရောက်စီးနင်း တပ်စွဲထားတာကြောင့် ဒေသခံရွာသား ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝန်ခြုံးကျေးရွာကို သြဂုတ်လအတွင်းမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ပထမကြိမ် ဝင်ရောက်စီးနင်းတာကြောင့် ပြည်သူတစ်ယောက် သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိကာ နေအိမ် ၁ လုံး မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုတွေဟာ ရွာထဲက နေအိမ်တွေကို တစ်အိမ်ဝင်တစ်အိမ်ထွက်ဝင်ရောမွှေနှောက်ကာ ဖျက်ဆီးခဲ့ကြပြီး ပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီလိုမွှေနှောက်ခံရပြီး ရွာထဲမှာ ၁၅ ရက်လောက်ပြန်နေပြီးတဲ့အချိန် စက်တင်ဘာ ၁ ရက်နေ့မှာ ပျူစောထီးအဖွဲ့တွေက အကြမ်းဖက်စစ်အုပ်စုကို ခေါ်တာကြောင့် အင်အား ၅၀ လောက်နဲ့ရောက်လာပြီးတော့ ဆိုင်ကယ် ၁၆ စီးနဲ့ တဲ ၂ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ပြောပါတယ်။

ဝန်ခြုံးရွာ ဘုန်ကြီးကျောင်းမှာလည်း အကြမ်းဖက်စစ်တပ်က ပြည်သူတွေ လှူဒါန်းထားတဲ့ ဆန်၊ ဆီ၊ ဆေးဝါးတွေကို ဖျက်ဆီးသွားသလို ဆန်တွေကိုတော့ အသုံးပြုလို့မရအောင် ရေနံတွေနဲ့လောင်းသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်ခြုံးရွာက ပြည်သူတွေ တိမ်းရှောင်နေတဲ့ရွာတစ်ရွာကိုလည်း အကြမ်းဖက်စစ်တပ်ကဝင်ရောက်စီနင်းပြီး စစ်ဘေးရှောင်တွေရဲ့ ဆိုင်ကယ် ၂ စီးကို မီးရှို့ဖျက်ဆီးပြီး၊ ကားသုံးစီးနဲ့ ထွန်စက် တစ်စီးကို ရိုက်ခွဲဖျက်ဆီးကာ ဖောကား ၂ စီးနဲ့ ထွန်စက်တစ်စီးပေါ် ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေတင်ပြီး အဓမ္မသိမ်းဆည်းကာ ပင်ထောင်ရွာဘက်ကို သယ်သွားတယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ အင်အား ၅၀ လောက်နဲ့ ပျူစောထီးအဖွဲ့တွေနဲ့ပူးပေါင်းကာ လက်ရှိအချိန်ထိ ဝန်ခြုံးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာကြောင့် ဒေသခံရွာသား ၁၀၀၀ ကျော် ၂ လကျော်ကြာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ရှောင်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အကူညီလိုအပ်နေတာကြောင့် ပေါက်တောင်ပိုင်း PDF တပ်ဖွဲ့ကနေတဆင့် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up