ဆားလင်းကြီးတွင် ဆန္ဒပြအမျိုးသမီးတစ်ဦးနေအိမ် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသ လက်ခုတ်ပင်ပင်ရွာက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူအမျိုးသမီး ၁ ဦးရဲ့အိမ်ကို အမည်မသိသူအဖွဲ့က အောက်တိုဘာ ၁၈ ရက်နေ့ ညသန်းခေါင် ၁၂ နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖောင်းကတာကျေးရွာသားတစ်ဦးက “သူ့အမည်က မစန်းဝင်းပါ။ ကလေး ၆ ယောက်ရှိတဲ့ မုဆိုးမတစ်ဦးဗျ။‌ သူ့အလုပ်အကိုင်က ရေရောင်းစားရတာပါဗျ။ အတော်လေး ဆင်းရဲတယ်ဗျ။ အခု မီးလောင်သွားတဲ့ အိမ်တောင် အများစုပေါင်းပြီး ဆောက်ပေးထားရတာ။ ဘာလို့ မီးရှို့ခံရတာလဲဆိုတော့ မစန်းဝင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေမှာ နေတိုင်းလိုက်ပြီး ဆန္ဒပြတယ်။ ပြောချင်တာက စစ်တပ်ထောက်ခံသူတွေက ရှို့တယ်လို့ပဲ ကျနော်တို့ တစ်ရွာလုံး ထင်ကြတာဘဲဗျ” လို့ ပြောပါတယ်။

နေအိမ်မီးလောင်သွားပြီး အဝတ်တစ်ထည်၊ ကိုယ်တခုနဲ့ အခက်အခဲပေါင်းများစွာတွေ့နေရတဲ့ မစန်းဝင်းကတော့ စစ်အာဏာရှင်ကို ဒီထက်မက ဆန့်ကျင်ဖို့ရာ တွန်းအားတစ်ခုဖြစ်သွားတယ်လို့ ပြောပါတယ်။

“ကျမရဲ့ ပစ္စည်းတွေ ဘာတစ်ခုမှ မရလိုက်ဘူး။ ဘာကြောင့် ဒီလိုအရှို့ခံရတာကို မပြောခင် စက်တင်ဘာ ၂၈ ရက်နေ့ကတည်းက အကြမ်းဖက်စစ်ကောင်စီ သတင်းပေး တိုင်ကြားတာကြောင့် ကျမတို့ တစ်ရွာလုံး ထွက်ပြေးနေရတယ်။ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကျမနေအိမ်ကို ခဏပြန်လာတဲ့အချိန်အတွင်းမှာ တောင်စစ်ကောင်စီသတင်းပေးတွေ ထပ်တိုင်လို့ ကျမ အိမ်လေးကို အရှာဖွေခံရသေးတာ။ လူကတော့ ထွက်ပြေးရလို့ လွတ်သွားတယ်။ အဓိကကတော့ ဆန္ဒပြသပိတ်တွေ နေ့စဉ်လိုက်လို့ စစ်တပ်ထောက်ခံသူဘက်က မီးရှို့တာ” လို့ မစန်းဝင်း က ပြောပါတယ်။

လက်ပတောင်းဒေသ ဖောင်းကတာ ကျေးရွာဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အချိန်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်တွေကို နေရောညပါ အင်းအားကောင်းကောင်း နဲ့ တိုက်ပွဲဝင်ဆန္ဒပြနေကြတာလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up