စစ်တပ်ဖမ်းဆီးမှုကြောင့် မြောင်မြို့နယ်က တောင်သူများ မြေပဲဆွတ်သိမ်းရန် အခက်အခဲကြုံ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက အင်အားသုံး စစ်ဆေးဖမ်းဆီးနေတာကြောင့် ဒေသခံတောင်သူတွေဟာ မြေပဲဆွတ်သိမ်းရမယ့် လုပ်ငန်းတွေ မလုပ်ရဲဘဲ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

မြောင်မြို့နယ်အတွင်း အောက်တိုဘာ ၁ ရက်နေ့ကနေစတင်ကာ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ တပ်တွေချပြီး ဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ငါးယောက်တဖွဲ့ နေရာတိုင်းလိုလိုမှာ ချထားတယ်။ နောက်ပြီး ကျနော်တို့ မြေပဲစိုက်ခင်းတွေအထိ လိုက်ပြီး ဖမ်းဆီးတာတွေ၊ ထမင်းတောင်းတွေ လုယူစားသောက်တာတွေ၊ မြေပဲဆွတ်နေတဲ့ အလုပ်သမားတွေကို ဖမ်းတယ်။ အဲဒီလိုဖမ်းပြီး ငွေနဲ့ အရွေးခိုင်းတယ်။ ဒီကောင်တွေက လူစုရင်ကို သူတို့ ချမယ်လို့ ထင်နေတာ။ လာတဲ့ကောင်တွေကလည်း မြန်မာစကားကို ကောင်းကောင်းမပြောတတ်သလို၊ နားလည်း မလည်ကြဘူးဗျ။‌ လူစုနေတာမြင်ရင်ကို ဖမ်းတော့တာပဲဗျာ။ အဲဒီလိုတွေ စစ်ကောင်စီက လုပ်နေတော့ ဘယ်သူမှ မြေပဲဆွတ် မလိုက်ရဲကြတော့ ဒုက္ခရောက်ကြရတယ်” လို့  ပြောပါတယ်။

မြောင်မြို့နယ်တောင်သူတစ်ဦးက “ကျနော်တို့ တောင်သူတွေကတော့ ကိုယ်အခင်းလိုက်တဲ့ အလုပ်သမားတွေ လုပ်အားခ ပိုက်ဆံရှင်းဖို့ ထည့်လာတဲ့ငွေကို အသိမ်းခံရတယ်။ လူတွေ ဘာကြောင့်စုပြီး ဒီလိုလုပ်ရတာလဲဆိုပြီး စစ်ဖိနပ်နဲ့ပါ အကန်ခံရတဲ့အထိ ကိုယ်ထိလက်ရောက်အရိုက်ခံရတယ်” လို့ ပြောပါတယ်။

အောက်တိုဘာလအတွင်း မြောင်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က အင်အား ၃၅၀ ကျော် တပ်စခန်းချထားပြီး မြောင်မြို့နယ်နဲ့ ချိတ်ဆက်သွားလာနေတဲ့ ကားလမ်းမှန်သမျှကို ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ မြောင်မြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေပြီး စစ်ကောင်စီတပ်က စစ်အင်အားအလုံးရင်းနဲ့ ကင်းပုန်းတွေလည်း အများအပြား ချထားတယ်လို့  မြောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျောက်ရစ်မှာတစ်ဖွဲ့၊ မြောင်မြို့ပေါ်မှာတစ်ဖွဲ့ အဲတာက အရင်စက်တင်ဘာလကုန်အထိအခြေအနေနော်။ အခုအောက်တိုဘာလမှာ ဒီကောင်တွေ နေ့ရောညပါ စစ်ကားတွေရော၊ အရပ်သုံးအိမ်စီးကားတွေနဲ့ အလုံးအရင်းပါဝင်နေတယ်။ ငါးယောက်တစ်စု၊ ခြောက်‌ယောက်တစ်စုကင်းပုန်းဝတ်နေတာလည်း အများအပြားရှိတယ်။ ကျနော်တို့လည်း လစ်ရင် လစ်သလိုတိုက်ဖို့ရာ အသင့်ပြင်စဉ်ထားတာတွေရှိတယ်ဗျ။”

More News
Up