Home
မြန်မာသတင်း
အပြစ်မရှိသဖြင့် တရားရှင်လွှတ်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တရားရုံးကို လျှောက်လဲ ချက်တင်
DVB
·
October 18, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီရဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး သူ့မှာအပြစ်မရှိတဲ့အတွက် တရားရှင်လွှတ်ပေးဖို့ အောက်တိုဘာ ၁၈ ရက်နေ့ရုံးချိန်းမှာ လျှောက်လဲချက်စာတင်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်လဲချက်ကိုတင်ပြီးရင် ရက်ချိန်းပေးရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က တရားရှင်လွှတ်ဖို့ရေးထားတဲ့ လျှောက်လဲချက်တင်တဲ့စာကို တရားရုံးကိုတင်တာ။ လျှောက်လဲချက်တင်ပြီး ရုံးချိန်းဘယ်နေ့ပေးလဲတော့မသိဘူး" လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေတွေကို သတင်းမီဒီယာတွေနဲ့ဆက်သွယ်ပြီး သတင်းမပေးဖို့ စစ်ကောင်စီက ကန့်သတ်ထားတဲ့အတွက် ရှေ့နေတွေကို ဆက်သွယ်လို့မရခဲ့ပါဘူး။ ပုံမှန်မှုခင်းစီမံခန့်ခွဲရေးအစီအစဉ်အရဆိုရင်တော့ နောက်တစ်ပတ်တနင်္လာနေ့မှာပဲရုံးချိန်းခေါ်ပြီး  လျှောက်လဲချက်ကို လက်ခံမခံ တရားရုံးက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

အောက်တိုဘာ ၁၈ ရက် ဒီနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့  နိုင်ငံတော် သမ္မတတို့ နှစ်ဦးပေါင်း ၄ မှုအတွက်  နေပြည်တော်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့  နိုင်ငံတာ်သမ္မတတို့ဟာ သဘာဝဘေးစီမံ ဥပဒေ ပုဒ်မ ၂၅ နဲ့ နှစ်ဦးတွဲ အစွဲခံထားရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့အတွက်လည်း အပတ်စဉ် တနင်္လာနေ့တွေမှာ  စစ်ဆေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024