ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတဲ့ ပြည်မြို့အခြေစိုက် DVB သတင်းထောက်ကိုမင်းညို အောက်တိုဘာ ၁၈ ရက် ဒီနေ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
ကိုမင်းညိုဟာ ပြည်မြို့ အကျဉ်းထောင်မှာ ရက်ပေါင်း ၂၂၉ ရက် အကျဉ်းကျခံခဲ့ရပြီးနောက် ဒီကနေ့ ပြန်လွတ်လာတာဖြစ်ပြီး နေအိမ်ကို ပြန်ရောက်နေပြီလို့လည်း ကိုမင်းညိုက ပြောပါတယ်။
“ကျနော်တို့ လွတ်လာပေမဲ့ ဝမ်းမသာနိုင်ဘူး။ ကျန်ခဲ့တဲ့မျက်နှာတွေကို ကျနော်တို့ မကြည့်ရက်ဘူး။ ကျနော်တို့ကိုသာ ဝမ်းသာတယ်ဆိုပြီး လိုက်နှုတ်ဆက်ကြပေမဲ့ သူတို့မျက်နှာတွေကိုကြည့်ပြီး ကျနော်တို့ စိတ်ထိန်းခဲ့ရတယ်။ လူငယ်တွေ များတယ်လေ။ ကျနော်တို့က အသက်အကြီးဆုံးတန်း ငါးဆယ်ကျော်တွေ ဖြစ်နေတာ။ လူငယ်တွေ များတော့ တချို့လည်း နိုင်ငံရေးကို နားမလည်ပါဘူး။ ရောက်လာကြတာဆိုတော့ အထဲမှာ နေရတာ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာရော ခက်ခဲတယ်။ ကျနော်တို့လို ကြီးတဲ့သူတွေက နှစ်သိမ့်ရတာပေါ့။”လို့ သတင်းထောက် ကိုမင်းညိုက ပြောပါတယ်။
ဆန္ဒပြသတင်းရယူနေတဲ့ ကိုမင်းညိုကို ပြီးခဲ့တဲ့ မတ် ၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးခဲ့သလို ပြည်အကျဉ်းထောင်ကို မပို့ခင် စစ်ကြောရေးမှာလည်း ရိုက်နှက်စစ်ဆေး ခဲ့ပြီး ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။
မေ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးက သတင်းထောက် ကိုမင်းညိုကို ထောင်ဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၁၆ ယောက်ကို အကျဉ်းထောင် အသီးသီးကနေ ခံဝန်ကတိနဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ အောက်တိုဘာ ၁၈ ရက်မှာ ကြေညာခဲ့ပြီးနောက် အခုလို လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀၀ ကျော်ကို စစ်ကောင်စီက ကန့်သတ်ချက်နဲ့လွှတ်ပေးနေတာဖြစ်ပြီး အနုပညာရှင်တွေ အပါအဝင် ဖမ်းဆီး တရားစွဲဆိုခံထားရသူ ၄၀၀၀ ကျော်ကိုလည်း အမှုရုပ်သိမ်း ပြန်လွှတ်ဖို့ အမိန့် ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်ဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်း မီဒီယာ ၈ ခုကို တရားဝင် ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပြီး စစ်ကောင်စီက သတင်းသမား ၁၀၀ ကျော်ကို ဖမ်းဆီးတာ၊ တရားစွဲတာတွေ ပြုလုပ်ခဲ့တာပါ။
မနေ့ကအထိ အကျဉ်းထောင်တွေထဲမှာ သတင်းသမားအယောက် ၅၀ ကျော် ဖမ်းခံထားရတာဖြစ်ပြီး ဒီအထဲက ဒီဗွီဘီ သတင်းထောက် ၃ ဦးအပါအဝင် ၄ ဦးကတော့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခံထားရတာပါ။